မင်းတပ်မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီးနှင့်ခရိုင်ရဲမှုးတို့သုံးဦးအား အမှုသည်များထံမှ လာဘ်စားသည်ဟုဆိုကာ ပြည်ထောင်စုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားရန် မင်းတပ်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းများမှ ပြင်ဆင် လျက် ရှိကြောင်း ဆလိုင်းမာန်အွမ်ကပြောသည်။
၂၀၁၇ ခုနှစ်အတွင်းက မင်းတပ်မြို့ပြည်သူ့ဆေးရုံအနီးတွင် ဦးအွမ်လိန်းငိုင်းနှင့် မောင်ထန်းကီးဟုန်းတို့ ဆိုင်ကယ်ဖြင့် ယဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် တရားရုံးတွင်ရင်ဆိုင်သည့်ကာလနှင့် ကြေအေးသည့်ငွေပမာဏသည် သိန်းတစ်ရာဝန်းကျင်ကုန်ကျပြီဖြစ်ဖြစ်ပြီး အမှုမှာလည်း ဆက်လက်ရင်ဆိုင်ရဆဲဖြစ်သည်ဟု Third Eye အဖွဲ့မှ ညှိနှိုင်းရေးမှုး ဆလိုင်းမာန်အွမ်ကပြောသည်။
ဆလိုင်းမာန်အွမ်က “ အဓိကတော့ ဒီကိစ္စက နစ်နာသူဖက်ကနေ လာဘ်ပေးလာဘ်ယူမှုတွေ ဒီလိုဖြစ်နေတယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေကို အကူအညီလာတောင်းတာပေါ့။ သူ့သဘောဆန္ဒကိုကျွန်တော်တို့မေးတော့လည်း သူကအမှန်ကိုအမှန်တိုင်းဖြစ်စေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကဝိုင်းပြီးဖော်ပေးတာပေါ့” ဟုပြောသည်။
သူကဆက်ပြီး “ ငွေလုံးငွေရင်းလည်းများတယ်။ စာရင်းဖော်လို့မရတဲ့ ပမာဏကလည်း ၁၂ သိန်းလောက်ရှိတယ်။ အခင်းဖြစ်တဲ့သူကို ကြေအေးတာလည်း သိန်း ၂၀ လောက်ရှိတယ်။ တရားရုံးဖက်မှာကျတော့ သိန်း ၇၀ ကျော်လောက်ကုန်တယ်ဆိုတော့ စုစုပေါင်း ကြေအေး တာနဲ့ဆိုရင် သိန်း တစ်ရာဝန်းကျင်လောက်ကုန်တဲ့သဘောဖြစ်နေတယ်။ ဒါပေမယ့် အခုထိ အမှုကလည်း မပြတ်သေးဘူး” ဟုပြောသည်။
ပြည်ထောင်စုအဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့တိုင်ကြားမည့်စာတွင် ဦးအွမ် လိန်းငိုင်းနှင့်မောင်းထန်းကီးတို့အမှုနှင့်ပတ်သက်ပြီး မြို့နယ်တရားသူကြီး ဦးထွန်းထွန်းနိုင်မှ ၂ သိန်း၊ မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂ သိန်းတောင်းယူပြီး၊ အချုပ်ကျနေစဉ်အတွင်း ခရိုင်ရဲမှုးနှင့်ရဲဌာနမှ ခွဲဝေယူရန် ၃၄၀၀၀၀၀ တောင်းခံခဲ့ပြီး မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂၅၀၀၀၀၀ အားထံမံတောင်း ခဲ့သည်ဟု ပါရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူပေးရန် နစ်နာသူနှင့် မင်းတပ်လူမှုအဖွဲ့အစည်းများအနေဖြင့် တိုင်ကြားရန်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၇ ခုနှစ်က ဆိုင်ကယ်တိုက်မှုနှင့်စပ်လျဉ်းပြီး မောင်းထန်းကီးဟုန်းမှ ပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၇၉/၂၇၉/ အရ ဦးအွမ်လိန်းငိုင်းကို တရားစွဲဆိုခဲ့ပြီး ဦးအွမ်လိန်းငိုင်းမှ မောင်ထန်းကီးဟုန်းအား ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၇၉/အရ အပြန်အလှန်တရား စွဲဆိုမှုများဖြစ်ပေါ်ခဲ့သည်း ယင်းပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၇၊ ပြစ်မှုပုဒ်မ၂၇၉/၃၇၉ အရ ဦးအွမ်လိန်းငိုင်းသည် ၈.၆.၂၀၁၇ ခုနှစ်တွင် အချုပ်ကျထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။







