ချင်းပြည်နယ်၌ သင်းအုပ်ဆရာပါ ၂ ဦး သတ်ဖြတ်ခံရမှု BRI အရေးယူခိုင်း

ချင်းပြည်နယ်၌ သင်းအုပ်ဆရာပါ ၂ ဦး သတ်ဖြတ်ခံရမှု BRI အရေးယူခိုင်း
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend William နှင့် ရွာသားတစ်ဦးဖြစ်သူ Mr. Nam Ceu တို့ကို စစ်အုပ်စုတပ်က တရားလက်လွတ် သတ်ဖြတ်ခဲ့သည့်အပေါ် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူပေးရန် Burma Research Institute (BRI) အဖွဲ့က အမေရိကန်ပြည် ထောင်စုနှင့် နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းတောင်းဆိုလိုက်သည်။

ဆရာတော် Reverend William နှင့် Mr. Nam Ceu တို့ ဖမ်းဆီးခံရပြီး သုံးလကျော်အကြာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် လ ၂၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဒေသခံပြည်သူများနှင့် ဟားခါးမြို့မှ သင်းအုပ်ဆရာတော် များ တက်ရောက်သည့် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ချွန်ကျုံးကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်းအုပ်ဆရာတော်သည် ချွန်ကျုံးနှစ်ခြင်းအသင်းတော်တွင် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားသမီး ငါးဦး ကျန်ရစ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ပဲခူးအခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၇၇) မှ တပ်ဖွဲ့ဝင် များသည် ချွန်ကျုံးကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ တောင်ယာတဲတစ်ခုတွင် Reverend William နှင့် Mr. Nam Ceu တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တဲအတွင်း လူ ငါးဦး ရှိနေသည့်အနက် သုံးဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း Reverend William မှာမူ မိမိ၏ သင်းအုပ်ဆရာ မှတ်ပုံတင်ကတ်ပြားက အကာအကွယ်ပေးနိုင်မည်ဟု ယုံကြည်ကာ ထွက် မပြေးဘဲ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဟားခါးမြို့မှ ခိုင်လုံသော သတင်းရင်းမြစ် နှစ်ခုက BRI သို့ ပြောဆိုချက်အရ ၎င်းတို့နှစ်ဦးကို ဗိုလ်မှူးကြီးလွှမ်းမိုးနိုင် က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ဟားခါးမြို့၌ လည်း ကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ထန်တလန်မြို့၌လည်းကောင်း အတူရှိနေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသည်။

သို့သော် ဇွန်လ ၄ ရက်နေ့တွင် အဆိုပါ အမျိုးသားနှစ်ဦးလုံး သတ်ဖြတ်ခံခဲ့ရကြောင်း အသင်းတော်နှင့် မိသားစု ဝင်များက အတည်ပြု ကောက်ချက်ချခဲ့ကြသည်။

ဟားခါးမြို့မှ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် ၎င်းတို့နှစ်ဦး မည်သည့်နေရာသို့ ရောက်ရှိနေ သည်ကို သိရှိနိုင်ရန် ဟားခါးနှင့် ဖလမ်းမြို့မှ စစ်ဘက်အာဏာပိုင်များအပြင် တပ်မ ၇၇ တပ်မမှူးထံသို့ပါ အကြိမ် ကြိမ် အသနားခံ စုံစမ်းမေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်အကြောင်းပြန်ခြင်း မရှိခဲ့ပေ။

BRI အဖွဲ့၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် American Baptist Churches USA ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ Rev. Dr. Robin Stoops က “ကျနော်တို့အနေနဲ့ ဆရာတော်ရဲ့ မိသားစုဝင်တွေ၊ အသင်းတော်ဝင်တွေ အပြင် နေရာအနှံ့က ချင်းညီအစ်ကို မောင်နှမတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ တရားစီ ရင်မှု လုပ်ငန်းစဉ်မရှိဘဲ ကျူးလွန်ခဲ့တဲ့ တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒီကြေကွဲမှုအတွက် လက် တွေ့ လုပ်ဆောင်ချက်တွေ လိုအပ်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ နိုင်ငံတကာအသိုက်အဝန်း အထူး သဖြင့် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုပါတယ်” ဟု ပြောသည်။

Reverend William သည် ဟားခါး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ကို ထောက်ပံ့ကူညီသည် ဟူသော စွပ်စွဲချက်ဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

BRI အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung ကလည်း “မြန်မာနိုင်ငံမှာ ဖိနှိပ်ညှဉ်းပန်း ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ထရမ့်အစိုးရအဖွဲ့ကို ကျနော်တို့ တောင်းဆိုပါ တယ်” ဟု ပြောသည်။

ဟားခါးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသော ချွန်ကျုံးကျေးရွာသည် ကလေးမြို့မှ သည် ဟားခါးမြို့သို့ စစ်အုပ်စုတပ်များ အဓိက သွားလာသည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကျေးရွာတွင် စစ်အုပ်စုတပ်များ၏ လုပ်ရပ်ကြောင့် နေအိမ် ၁၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို အရပ်သား ၁၆ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ချွန်ကျုံးနှစ်ခြင်း အသင်း တော်ပိုင် အဆောက်အအုံနှင့် ပစ္စည်းများကိုလည်း လုယက်ဖျက်ဆီးခြင်းများ ကြုံတွေ့ခဲ့ရသည်။

၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ မြန်မာနိုင်ငံသည် စစ်အစိုးရအဆက်ဆက်၏ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုများကြောင့် ၁၉၉၉ ခုနှစ်မှစ၍ အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ခံထား ရသော်လည်း အမေရိကန်အစိုးရအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း BRI က ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...