မြစ်ဆုံစီမံကိန်းရပ်ပြီး ဒေသခံများ မူလကျေးရွာတွင် နေခွင့်ရရန် ဦးထင်ကျော်ထံ တောင်းဆို

မြစ်ဆုံစီမံကိန်းရပ်ပြီး ဒေသခံများ မူလကျေးရွာတွင် နေခွင့်ရရန် ဦးထင်ကျော်ထံ တောင်းဆို
by -
မဇ္စျိမ
မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်ရန်နှင့် ရွှေ့ပြောင်းခံ ဒေသခံတောင်သူများ မူလကျေးရွာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော် သမ္မတနှင့် အစိုးရသစ်ထံ ဒေသခံများက တောင်းဆိုလိုက်သည်။

"အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူးဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လိုနေတော့မလဲ။ ကျွန်မတို့ အရမ်းရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခဆိုတာ အထပ်ထပ် ခံစားနေရတယ်။ ဒီဟာကို မဖျက်သိမ်းဘူး ဆိုရင် ကျွန်မ အဲဒီနေရာမှာပဲ အသေခံမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု စီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံခဲ့ရသည့် တန်ဖဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဂျာခေါင်က မေလ ၁၀ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန့်ပပေးရန်နှင့် မြစ်လက်တက်ပေါ်ရှိရေကာတာများ အားလုံးကို လုံးဝရပ်တန်ပပေးရန်၊ ရွှေ့ပြောင်းဒေသခံများ မူလကျေးရွာများသို့ တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် မူလ ဥယျာဉ်ခြံမြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန် ဒေသခံ (၁၀၈၀)ဦးက သမ္မတထံသို့ မေလ ၁၀ ရက်နေ့တွင် စာပို့တောင်းဆိုထားကြောင်း သိရသည်။

မြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မဇွပ်ရွာ၊ တန်ဖဲရွာ၊ လဖဲ့ရွာ၊ ဒေါင်ပန်ရွာ၊ အောင်ဂျာယာန်ရွာနှင့် ဒိန်ဂူဇွပ်ရွာတို့အား ၂၀၀၉ - ၂၀၁၀ခုနှစ်က ပြောင်းရွှေ့စေခဲ့သည့်အတွက် အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၂၅၇၅)ဦးတို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

အဆိုပါ ပြောင်းရွှေ့ပေးခဲ့ရသူများအား ဦးပိုင်ကုမ္ပဏီက အောင်မြင်သာစံပြကျေးရွာဟု အမည်ပေးကာ ကျေးရွာသစ် တည်ပေးခဲ့ကြောင်းနှင့် ယင်းကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်စားသောက်၍မရဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

"အခုတက်လာတဲ့အစိုးရက ကျွန်မတို့ရဲ့အခက်အခဲတွေကို လုပ်ပေးမယ် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်" ဟု လက်ရှိအချိန်တွင် တန်ဖဲကျေးရွာ၌ ပြန်လည် နေထိုင်နေသည့်   ဒေသခံ ဒေါ်လုရာက ပြောသည်။

မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် ယခင်စစ်အစိုးရလက်ထက်က သဘောတူခဲ့သည့် ရေကာတာ စီမံကိန်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြသော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမျိုး ထုတ်ပြန်ခြင်းမရှိသေးပေ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာအတွင်းရှိ မြစ်ဆုံအပန်းဖြေစခန်းတစ်နေရာ။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...