"အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူးဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လိုနေတော့မလဲ။ ကျွန်မတို့ အရမ်းရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခဆိုတာ အထပ်ထပ် ခံစားနေရတယ်။ ဒီဟာကို မဖျက်သိမ်းဘူး ဆိုရင် ကျွန်မ အဲဒီနေရာမှာပဲ အသေခံမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု စီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံခဲ့ရသည့် တန်ဖဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဂျာခေါင်က မေလ ၁၀ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန့်ပပေးရန်နှင့် မြစ်လက်တက်ပေါ်ရှိရေကာတာများ အားလုံးကို လုံးဝရပ်တန်ပပေးရန်၊ ရွှေ့ပြောင်းဒေသခံများ မူလကျေးရွာများသို့ တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် မူလ ဥယျာဉ်ခြံမြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန် ဒေသခံ (၁၀၈၀)ဦးက သမ္မတထံသို့ မေလ ၁၀ ရက်နေ့တွင် စာပို့တောင်းဆိုထားကြောင်း သိရသည်။
မြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မဇွပ်ရွာ၊ တန်ဖဲရွာ၊ လဖဲ့ရွာ၊ ဒေါင်ပန်ရွာ၊ အောင်ဂျာယာန်ရွာနှင့် ဒိန်ဂူဇွပ်ရွာတို့အား ၂၀၀၉ - ၂၀၁၀ခုနှစ်က ပြောင်းရွှေ့စေခဲ့သည့်အတွက် အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၂၅၇၅)ဦးတို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
အဆိုပါ ပြောင်းရွှေ့ပေးခဲ့ရသူများအား ဦးပိုင်ကုမ္ပဏီက အောင်မြင်သာစံပြကျေးရွာဟု အမည်ပေးကာ ကျေးရွာသစ် တည်ပေးခဲ့ကြောင်းနှင့် ယင်းကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်စားသောက်၍မရဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
"အခုတက်လာတဲ့အစိုးရက ကျွန်မတို့ရဲ့အခက်အခဲတွေကို လုပ်ပေးမယ် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်" ဟု လက်ရှိအချိန်တွင် တန်ဖဲကျေးရွာ၌ ပြန်လည် နေထိုင်နေသည့် ဒေသခံ ဒေါ်လုရာက ပြောသည်။
မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် ယခင်စစ်အစိုးရလက်ထက်က သဘောတူခဲ့သည့် ရေကာတာ စီမံကိန်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြသော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမျိုး ထုတ်ပြန်ခြင်းမရှိသေးပေ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာအတွင်းရှိ မြစ်ဆုံအပန်းဖြေစခန်းတစ်နေရာ။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ)







