မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်" ဝတ္ထုရှင် စာရေးဆရာကြီး ဦးတင်ညွန့်၊ ၎င်း၏သားဖြစ်သူနှင့် စာအုပ်ရောင်းချသူ အမျိုးသမီးတဦးတို့ကို အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားကြောင်း စာပေအသိုင်းဝိုင်းထံက သိရသည်။
ယခင် အရပ်သားအစိုးရလက်ထက် (၂၀၁၅ - ၂၀၂၀ ကာလ) အတွင်း ထုတ်ဝေခဲ့သော စာအုပ်သုံးအုပ်ကို လူမှုကွန်ရက် TikTok တွင် ရောင်းချခဲ့ခြင်းကို အကြောင်းပြုကာ ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာဦးတင်ညွန့်ကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် သန်လျင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် သန်လျင်ရဲစခန်းတွင် အမှုဖွင့်ထားကာ ဧပြီ ၂၄ ရက်နေ့က သန်လျင်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးထံက သိရသည်။
ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ မိသားစုနှင့် နီးစပ်သူတဦးက "ဆရာ့ကို လာဖမ်းတုန်းက သားနှစ်ယောက်လုံးကိုပါ ခေါ်သွားတာ။ သားအကြီးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ စာအုပ်ထုတ်ဝေတဲ့ သားဖြစ်သူကိုတော့ ဆက်ဖမ်းထားတယ်။ အဓိကကတော့ NLD ခေတ်တုန်းက ထုတ်ခဲ့တဲ့ 'ခွေးထိန်းငတာ'၊ 'ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်' နဲ့ 'ဦးသန်းရွှေ၏ ယတြာများ' ဆိုတဲ့ စာအုပ် သုံးအုပ်ကြောင့်ပါ။ အဲ့ဒီစာအုပ်တွေကို TikTok မှာ တင်ရောင်းတဲ့ ကောင်မလေးကိုပါ Online Shopping လိုင်စင်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းထားပြီး သာကေတရဲစခန်းမှာ ထိန်းသိမ်းထားတယ်" ဟု မဇ္ဈိမကို အတည်ပြုသည်။
လက်ရှိတွင် ဆရာဦးတင်ညွန့်နှင့် သားဖြစ်သူတို့သည် သန်လျင်ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး မိသားစုဝင်များအနေဖြင့် တွေ့ဆုံခွင့်ရရန်နှင့် ဥပဒေကြောင်းအရ ရင်ဆိုင်နိုင်ရန် ကြိုးပမ်းနေကြသည်။
ဆရာဦးတင်ညွန့်သည် နိုင်ငံရေး၊ သုတ၊ ရသ၊ ပညာရေးနှင့် နည်းပညာဆိုင်ရာ စာအုပ်ပေါင်း ၅၀ ကျော် ရေးသားခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် "ကျောင်းဆရာမှတ်တမ်း" စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) အပါအဝင် စာပေဆုများစွာ ဆွတ်ခူးရရှိထားသူဖြစ်သည်။ ထို့ပြင် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ The Voice Daily သတင်းစာတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ယခုကဲ့သို့ ဖမ်းဆီးမှုများသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေပြီး အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ကမူ အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။







