စစ်အုပ်စု လွတ်ငြိမ်းတွင် ‘နိုင်ကျဉ်း တဦးမျှ’ မပါ

စစ်အုပ်စု လွတ်ငြိမ်းတွင် ‘နိုင်ကျဉ်း တဦးမျှ’ မပါ

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (နိုင်ကျဉ်း) တဦးတယောက်မျှ ပါဝင်ခြင်းမရှိ”ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကနဦး ထုတ်ပြန်သည်။

ဧပြီ ၃၀  ရက် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးကို သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ PPNM မှ လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းများအရ ပြည်၊ ဒိုက်ဦး၊ လားရှိုး စသည့် အကျဉ်းထောင်များ အပါအဝင် အကျဉ်းထောင် ၁၇ ခု မှ လွတ်မြောက်သူ ၃၃၆ ဦးရှိပြီး ၎င်းတို့သည် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အခြားအမှု၊ ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများသာဖြစ်ကြောင်း ဖော်ပြသည်။

ကျိုက်မရော၊ မအူပင်၊ တောင်ငူနှင့် ထားဝယ်အကျဉ်းထောင်တို့မှ လွတ်မြောက်လာသူများကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား တဦးမျှ ပါဝင်ခြင်း မရှိသည်ကိုမူ “အတိအလင်း” အတည်ပြုနိုင်ကြောင်း PPNM က ထုတ်ပြန်ချက်တွင် ပြောသည်။

“စစ်အာဏာရှင်သည် ၎င်းတို့၏ အမိန့်အမှတ် ၅၀၊ ၅၁၊ ၅၂ / ၂၀၂၆ တို့ဖြင့် လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ကာ လွတ်ငြိမ်းခွင့်ပေးနေသော်လည်း အမှန်တကယ် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကိုမူ အကျဉ်းထောင်အသီးသီးတွင် ယနေ့တိုင် ဆက်လက်ပိတ်လှောင်ထားဆဲဖြစ်သည်” ဟု ဆိုသည်။

အာဏာသိမ်းကာလအတွင်း ယခင်ကလည်း ပြစ်ဒဏ်လွတ်ငြိမ်းပေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုရာခိုင်နှုန်း နည်းပါးလေ့ရှိသည်။

လက်ရှိ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ လွတ်ငြိမ်းတွင် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်းနှင့် သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ ပါဝင်လာကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့အထိကာလအတွင်း အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် ဖြစ်ရပ်များနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ ၃၀,၉၀၀ ကျော်ရှိပြီး ယင်းတို့ထဲမှ ၂၂,၀၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...