နယ်စပ် ဒုက္ခသည်စခန်းနှင့် မြန်မာရွှေ့ပြောင်းဒေသတို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား အသီးသီးကျင်းပ

နယ်စပ် ဒုက္ခသည်စခန်းနှင့် မြန်မာရွှေ့ပြောင်းဒေသတို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား အသီးသီးကျင်းပ
by -
စောရှား
ယခုလ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့(World Teachers' Day) ကို ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း (၇) ခုနှင့် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းများက အသီးသီး ကျင်းပခဲ့ကြသည်ဟု သိရသည်။

နယ်စပ် ဒုက္ခသည်စခန်းများ၏ ပညာရေးကို လုပ်ဆောင်နေသည့် Karen Refugee Committee Education Entity - KRCEE နှင့် စခန်းပညာရေးတာဝန်ရှိသူတို့ ဦးဆောင်၍ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်နှင့် ဘန့်ဒုံ ယမ်းစသည့်စခန်းတို့တွင် ကမ္ဘာ့ဆရာများနေ့ ကျင်းပမှုနှင့်ပတ်သက်၍ KRCEE တာဝန်ခံ နော်ဒဘိုးရာထူးက ယခုလို ပြောသည်။

“ကျမတို့ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စခန်းတိုင်းမှာ ကျင်းပကြတယ်။ ကျင်းပတဲ့ရက် မတူတာပဲရှိပါတယ်။ အခု လိုအချိန် ကူညီထောက်ပ့ံမှု လျော့နည်းလာတဲ့ အခြေအနေမျိုးမှာတောင် ပေးဆပ် အနစ်နာခံပြီး ကျောင်းဆရာ အလုပ် ဆက်လက်လုပ်ကိုင် နေကြတဲ့ ကျောင်းဆရာ၊ ဆရာမ အားလုံးကို ဒီဂုဏ်ပြုမှုကနေပြီး စိတ်ဓာတ်ခွန်အားလှုံ့ဆော်မှု တစ်ခုလို ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။˝ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျောင်းဆရာများနေ့ အခမ်းအနားတွင် ဆရာ၊ ဆရာမများအား ဂုဏ်ပြုသောအနေဖြင့် ဒုက္ခသည်စခန်း၌ တာဝန် ထမ်းဆောင်နေသော ဆရာ၊ ဆရာမအားလုံးကို တစ်ဦးလျှင်အကျႌ တစ်ထည်နှုန်းဖြင့် အမှတ်တရ လက်ဆောင်ပေးခဲ့သလို လုပ်သက် ၅ နှစ်မှစ၍ လုပ်သက်အလိုက် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း နော်ဒဘိုး ရာထူးမှ ဆက်ပြောသည်။
မယ်လဒုက္ခသည်စခန်း ပညာရေးမှူး နော်ဒီးဆာ့ကလည်း “ မယ်လစခန်းမှာ လုပ်တဲ့ပွဲကတော့ လူ ရ၀၀ကျော် တက် ရောက်ကြတယ်။ ကျောင်းဆရာ၊ ဆရာမဆိုတာ လူမှုအသိုင်းအဝိုင်း တစ်ခုရဲ့ ပဲ့ကိုင်ရှင်၊ အများအတွက် အနစ်နာခံ ပေးတဲ့သူတွေဖြစ်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ အစဉ်အလာမပြတ် ဂုဏ်ပြု ပွဲပြုလုပ်ပေးတာဖြစ်ပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကရင်ဒုက္ခသည်စခန်းများတွင် ကျင်းပသကဲ့သို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာရွှေ့ ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံး- BMTA မှ ကမကထပြုပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် ကလေးများဖွံဖြိုးရေးစင်တာ (Children Development Center-CDC) ကျောင်း၌လည်း အလားတူ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ပွဲကို ဦးဆောင်ကျင်းပသူ CDC ကျောင်းအုပ် ဆရာကြီး မန်းရွှေနှင်းက ̏ ကမ္ဘာမှာရှိတဲ့ ဆရာ၊ ဆရာမအားလုံးရဲ့ ကလေး တွေအပေါ် ဦးဆောင်လမ်းပြမှု၊ အနစ်နာခံပေးဆပ်မှုတွေ၊ လူမှုအသိုင်းအဝိုင်းကို ပုံဖော်တဲ့ နေရာမှာ ဆရာ၊ ဆရာမတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တစ်ထောင့်တစ်နေရာ ပါဝင်မူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို အခမ်းအနားကို ကျင်းပရတာပါ˝ဟု ကေအိုင်စီသို့ပြောသည်။

CDC အထက်တန်းကျောင်း၌ ကျင်းပသည့် ယင်းအခမ်းအနားသို့ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက်-NNER မှ ဒေါက်တာ သိန်းလွင်၊ ထို်င်းပညာရေးဌာန၊ ထိုင်းတပ်မတော်၊ မဲဆောက်ဒေသမှ သက်ဆိုင်ရာတာဝန်ရှိသူများ မိန့်ခွန်း ပြောကြားပေးခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ သက်ကြီးဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ ဆရာများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းကျောင်းဆရာ၊ ကျောင်းသား၊ မိဘများအပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်ဒုက္ခသည်စခန်း ရ ခုတွင် ကျောင်းဆရာ၊ ဆရာမဦးရေစုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး နယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းဆရာ၊ ဆရာမဦးရေမှာ ရ၀၀ ကျော်ရှိကာ လက်ရှိအချိန်တွင် နိုင်ငံတကာ ထောက်ပံ့ကူ ညီမှုများ လျော့နည်းလာခြင်းကြောင့် စာဝတ်နေရေးအခက်အခဲများနှင့် ကြံုတွေ့နေရကြောင်း သိရသည်။

ယခုနှစ် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို မြန်မာရွှေ့ပြောင်း စာသင်ကျောင်းနှင့် ဒုက္ခသည်စခန်းများအပြင် ကရင်ပညာရေးဌာန-KED နှင့် ကရင်ကျောင်းဆရာများပူးပေါင်းလှုပ်ရှားမှုအဖွဲ့-KTWG မှ ဦးဆောင်၍ ကရင်အမျိုးသားအ စည်းရုံး (ကေအဲန်ယူ) နယ်မြေရှိ နေရာ ရ နေရာတွင်လည်း အသီးသီးကျင်းပခဲ့ကြသည်ဟု သိရသည်။

ကျောင်းဆရာ/မများ၏ ဂုဏ်ကျေးဇူး၊ တန်ဘိုး၊ ပေးဆပ်မှု၊ ဆရာများ၏ အခွင့်အရေးများ အသိအမှတ်ပြုသည့်အ နေဖြင့် ၁၉၉၄ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) အဖြစ် ကုလသမဂ္ဂ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)က သတ်မှတ်ပေးခြင်းဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...