အသစ်ဖွဲ့စည်းမည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD)၏ အလံနှင့် တံဆိပ်ပုံစံတို့အား ကန့်ကွက်ကြောင်း မေလ ၂၃ ရက်နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီ(ANP)က ကြေညာချက်ထုတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးမျိုးကျော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ဦးမျိုးကျော်က “ဗျာလရုပ်ဆိုတာက ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဗျာလရုပ်လေ။ တစ်ဦးတစ်ယောက်မှ ပိုင်တာမဟုတ်ဘူး။ တစ်ဖွဲ့တစ်စည်းက ပိုင်တာမဟုတ်ဘူး။ တစ်မျိုးသားလုံးက ပိုင်တာပါ။ နောက်တစ်ခုက ဒီဘက် မြန်မာနိုင်ငံမှာလည်း ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ပါတီတွေမှာလေ၊ ဥပမာ ဗမာတွေမှာ ခွပ်ဒေါင်းဟာ သူတို့ရဲ့ နိုင်ငံရေးအရ လိုဂို၊ အမှတ်၊ သင်္ကေတဖြစ်တယ်လေ။ ဒီခွပ်ဒေါင်းကို တခြား တခြားသောပါတီတွေကလည်း လုပ်ကြတာပဲ။ အဲဒါဟာ တစ်ဦးတစ်ယောက်တည်းပိုင်တာမဟုတ်ဘဲ အများနဲ့ဆိုင်တဲ့ဟာဖြစ်လို့ ပြဿနာမရှိဘူးလို့ ထင်တာပဲ”ဟု ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရာတွင်အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်ပုံစံတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေလ ၂၂ ရက်နေ့တွင်တင်ပြလာရာ အဆိုပါ ပါတီအမည်၊ အလံနှင့် တံဆိပ်တို့အား ကန့်ကွက်လိုက (၇)ရက်အတွင်း ခိုင်လုံသော အထောက် အထားများဖြင့် ကန့်ကွက်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၂၃ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစားများမှတဆင့် ကြေညာထားသည်။
ANP ပါတီသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က”အဲဒီအလံ၊ တံဆိပ်တွေကိုကြည့်လိုက်တော့ အဲဒီအလံနဲ့ တံဆိပ်မှာဖော်ပြထားတဲ့ ဗျာလ အရုပ်သည် ကျွန်တော်တို့ရခိုင်အမျိုးသားပါတီရဲ့ ပါတီတံဆိပ်မှာပါတဲ့ ဗျာလအရုပ်နဲ့ အရောင်၊ သဏ္ဍာန်၊ အနေအထား အားလုံးတူညီနေတဲ့အတွက် ကျွန်တော်တို့ ပါတီ(၂)ခုအပေါ်မှာ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ အမြင်တွေဝေဝါးပြီး ရှုပ်ထွေးမှုတွေပေါ်လာနိုင်တဲ့အတွက်၊ ကျွန်တော်တို့ရဲ့ ပါတီ ရပ်တည်မှုကိုလည်း ထိခိုက်လာနိုင်အတွက် ဒီလိုစီစဉ်နေတာကို သုံးစွဲခွင့်မပြုဖို့အတွက် ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင်ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေရဲ့ညွှန်ကြားချက်အရ ကျွန်တေ်ာတို့ ကန့်ကွက်လိုက်တာဖြစ်ပါတယ်။”ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။
ANP ပါတီ၏ ယခုကဲ့သို့ကန့်ကွာစာကို မေလ ၂၃ ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့လိုက်ပြီဟုလည်း ဦးထွန်းအောင်ကျော်က ပြောသည်။
၇ ရက်အတွင်း ကန့်ကွက်ခြင်းများပေါ်ပေါက်လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းအရ နှစ်ဘက်ပြေလည်အောင် ကော်မရှင်အနေဖြင့် ကြားနာပေးရမည်ဖြစ်ပြီး အားလုံး အဆင်ပြေသွားပြီဆိုပါက ရက်ပေါင်း (၃ဝ)အတွင်း တရားဝင်ပါတီအဖြစ် ကော်မရှင်က ကြေညာပေးရမည်ဟုလည်း သိရသည်။







