အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရခိုင်တွင် လုပ်ခွင့် မရဘဲ ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရသည့် အကြောင်းအရင်း ANP အထွေထွေအတွင်းရေးမှူး ရှင်းလင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရခိုင်တွင် လုပ်ခွင့် မရဘဲ ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရသည့် အကြောင်းအရင်း ANP အထွေထွေအတွင်းရေးမှူး ရှင်းလင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်မရလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့တက်ရောက် မည်မဟုတ်ဟု ရခိုင်အမျိုးသားပါတီက မီဒီယာများသို့ ထုတ်ဖော် ပြောကြားထားခြင်း ရှိသဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခွင့်မရဘဲ မည်သည့်အတွက်ကြောင့် တက်ရောက်ရန် ဆုံးဖြတ်ရပါသလဲဟု နိရဥ္စရာက ပါတီ၏ အထွေထွေ အတွင်းရေးမှူးအား ဦးထွန်းအောင်ကျော်အား ယနေ့တွင် မေးမြန်းခဲ့သည်။

ဦးထွန်းအောင်ကျော်က "အမျိုးသားအဆင့်နိုင်ငံရေးမူဘောင်တွေလုပ်ပြီးမှ တက်ရမယ်လို့ စည်းကမ်းတော့မရှိဘူး။ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ဒေသကို ဦးစားပေးတယ်လို့ သိရတယ်။ အဲဒီအဖွဲ့မရှိတဲ့ဒေသတွေမှာ မလုပ်ရဘူး။ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့လည်းရှိရမယ်။ နောက်ပြီး ရွေးကောက်ပွဲအနိုင်ရပါတီလည်း ရှိရမယ်။ပြီးတော့ အစိုးရအဖွဲ့လည်း ပါမယ်။ အဲဒီမှာ နိုင်ငံရေးမူဘောင်တွေဆွေးနွေးမယ်။ အတတ်နိုင်ဆုံးကတော့ အဲဒီအခွင့်အရေးရတဲ့လူတွေမှာ ပြည်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံပြီးတော့ သူတို့က ဒီဟာမှာရလဒ်ကိုဆုပ်ကိုင်ပြနိုင်ရအောင် ပိုပြီးတော့ ကောင်းတယ်ပေါ့။ သို့သော် ကျွန်တော်တို့မှာကျတော့ ၂ဝ၁၄ မှာ ကျောက်ဖြူအမျိုးသားညီလာခံသည် အကြီးအကျယ်ဆုံးရခိုင်အမျိုးသားညီလာခံဖြစ်တယ်။ အဲဒီမှာ ချမှတ်ထားတဲ့ နိုင်ငံရေးမူတွေဟာ တော်တော်ကောင်းတဲ့အမျိုးသားတောင်းဆိုချက်တွေနဲ့ အမျိုးသားဆန္ဒကိုထင်ဟပ်တဲ့ညီလာခံကြီး၊ မူဘောင်တွေ အဲဒါတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ ပထမအကြိမ်မှာလည်း ကျွန်တေ်ာတို့ ရခိုင်အမျိုးသားပါတီအနေနဲ့ တင်ပြဆွေးနွေးခဲ့တယ်။ ရခိုင်အမျိုးသား ပါတီကလည်းပဲ လိုအပ်တာတွေကို ဆွေးနွေးထားတယ်၊ ညှိနှိုင်းထားတဲ့ အချက်တွေလည်း ပါဝင်နေတဲ့ အတွက် ဒီငြိမ်းချမ်းညီလာခံသည် မြောက်မြားစွာသော အစည်းအဝေးတွေထဲက အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ အကြီးအကျယ် ပြောင်းလဲမှာလည်း မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိုလိုလားတဲ့ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့်အားလျော်စွာ ငါတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပူးပေါင်းပြီးတော့ တက်ရောက်သင့်တယ်၊ လေ့လာသင့်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အများစုက ဆုံးဖြတ် သုံးသပ်ကြတဲ့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ တက်ရောက်ရတာဖြစ်တယ်"ဟု ပြောဆိုသည်။

၂၁ ရာစုပင်လုံညီလာခံတွင် ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် ဦးခိုင်ပြည်စိုး၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ အတွင်းရေးမှူး ဦးသာထွန်းလှတို့ အပါအဝင် စုစုပေါင်း ၁၃ ဦး တက်ရောက်မည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ယခုပြုလုပ်မည့် ပင်လုံညီလာခံတွင် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်မည့် ရခိုင်အမျိုးသား ပါတီ ကိုယ်စားလှယ်များသည် ယခုအခါ နေပြည်တော်တွင် ရောက်ရှိနေကြပြီးဟု သိရသည်။

" ၂၁ ရာစုပင်လုံညီလာခံမှာဆွေးနွေးရမယ့်အခင်းအကျင်ကတော့ အရင်ပုံစံတွေနဲ့ကွာပါတယ်။ အဲဒီမှာ ကျွန်တော်တို့က အရင်လို၊ ပထမအကြိမ်မှာလို တစ်ဖွဲ့စီ၊ တစ်ဦးချင်းစီ ကိုယ့်ဘက်ကတင်ပြရမှာမဟုတ်ဘဲ ကော်မတီအလိုက်ပေါ့။ နိုင်ငံရေးကော်မတီ၊ လုံခြံုရေးကော်မတီ စသည်အားဖြင့်ပေါ့လေ။ အဲလို အဖွဲ့တွေ၊ ကဏ္ဍအလိုက်ကော်မတီတွေကို ခွဲပြီးတော့ ဆွေးနွေးသွားရမယ့်ပုံစံမျိုးပါ။ အဲဒီဟာတွေမှာ UPDJC က စုစည်းထားတဲ့ အဆိုပြုလွှာတွေ၊ အဲဒါတွေရှိပါတယ်။ လုပ်ငန်းကော်မတီတွေမှာ သူတို့မှာ UPDJC အောက်က လုပ်ငန်းကော်မတီတွေရှိပါတယ်။ အဲဒီလုပ်ငန်းကော်မတီမှာ ဆွေးနွေးထားတာတွေ၊ တင်ပြထားတာတွေ၊ အဲဒီဟာတွေမှာ စစ်တပ်ကလည်း ပါတယ်။ နိုင်ငံရေးအစုအဖွဲ့ကလည်း ပါတယ်။ နောက် လက်နက်ကိုင် အင်အားစုအဖွဲ့တွေကလည်း ပါတယ်။ အဲလို သူတို့ အလုပ်လုပ် နေကြတယ် ပေါ့လေ။ အဲဒီက စုစည်းလို့ရရှိထားတဲ့၊ သူတို့ဆွေးနွေးထားတာတွေကို ကျွန်တော်တို့မှာ အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာတက်ရောက်လာတဲ့ကိုယ်စားလှယ်တွေကို သူတို့က ကဏ္ဍအလိုက်တင်ပြပါမယ်။ အဲဒါတွေကို အကြိတ်အနယ်ဆွေးနွေးရမယ့် ပုံစံမျိုးပါ။ ဆိုတော့ အရင်တစ်ခေါက်ကလို ကျွန်တော်တို့မှာ ကိုယ်လိုချင်တာကို တောင်းဆိုရမယ့်ပုံစံမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ ပြည်သူ လူထုကိုလည်း နားလည်စေချင်ပါတယ် "ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

၎င်းပြင် ဦးထွန်းအောင်ကျော်က " ကျွန်တော်တို့မှာက ၂ဝ၁၄ ကျောက်ဖြူမှာလုပ်ခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံတောင်းဆိုထားတဲ့ နိုင်ငံရေး မူဘောင်တွေရှိပါတယ်။ နောက်ပြီးတော့ ရခိုင်အမျိုးသားပါတီက ကျယ်ကျယ်ပြန့်ပြန့် အဖွဲ့အစည်း တွေနဲ့ စုပေါင်းပြီးတော့ ဆွေးနွေးထားတဲ့ နိုင်ငံရေးမူဘောင်တွေလည်း ရှိပါတယ်။ အဲဒါတွေက ကျွန်တော်တို့က ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ရခိုင် အမျိုးသား ပါတီက စာတမ်းတင်ပြီးတော့ ဆွေးနွေးထားတဲ့ နိုင်ငံရေးမူဘောင်တွေလည်း ရှိပါတယ်။ ဒါကြောင့် အခု ဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖို့ ကျရင်လည်း ကျွန်တော်တို့မှာ အဆင်သင့်ရှိနေပြီးသားပါ။ အဲဒီအချက်တွေကို ကျွန်တော်တို့က အခြေခံပြီးတော့ တကယ်လို့ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့က ပြည်သူလူထုကိုယ်စား ပင်လုံညီလာခံက မူတွေ၊ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက ပြုစုထားတဲ့ မူတွေနဲ့၊ ကျွန်တော်တို့က ကျောက်ဖြူညီလာခံဆိုတာက အင်မတန်ကျယ်ပြန့်ပါတယ်။ ရခိုင်တစ်မျိုးသားလုံးရဲ့ဆန္ဒ ပါထားပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကနေ့ ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံသို့ ရခိုင်အမျိုးသား ပါတီတက်ရောက်ဆွေးနွေးတာဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ရောက်ခြင်းသည် လုံးဝမမှားဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။"ဟု ဦးထွန်းအောင်ကျော်က ဆက်လက်ပြောကြားသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...