ရမ်းဗြဲ ကံဒိုင်းတိုက်နယ် မီးကျောင်းတက်ရွာ ရေကန်ခမ်းခြောက်သွား၍ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရ

ရမ်းဗြဲ ကံဒိုင်းတိုက်နယ် မီးကျောင်းတက်ရွာ ရေကန်ခမ်းခြောက်သွား၍ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကံဒိုင်းတိုက်နယ်၊ မီးကျောင်းတက်ရွာတွင် တည်ရှိသော ရေကန်ကြီးမှာ ခန်းခြောက်သွားသဖြင့် ကျေးရွာသာများမှာ ရေအခက်အခဲနှင့် ရင်ဆိုင်ကြံုတွေ့နေရသည်ဟု သတင်းရရှိသည်။

အဆိုပါ ကျေးရွာသည် အိမ်ခြေ ရ၄ အိမ်သာရှိပြီး ရွာတွင် ရေကန်ကြီး တစ်ကန်နှင့် ရေတွင်းငယ် သုံးတွင်း ရှိကြောင်း သိရသည်။

၎င်းပြင် မီးကျောင်းတက် ကျေးရွာမှာ ကံဒိုင်းတိုက်နယ် ကျေးရွာများအကြားတွင် အလယ်ဗဟိုတွင် တည်သော ရွာ ဖြစ်သဖြင့် အထက်တန်းကျောင်း၊ စာစစ်ဌာန၊ ကျန်းမာရေးဌာန များလည်း ရှိပြီး ၀န်ထမ်းအရေအတွက်များလာရာမှ သောက်သုံးရေ မလုံလောက်ဘဲ ဖြစ်နေရကြောင်း ရပ်ရွာ လူကြီးများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ရေစရှားတာက မေလ ၁၄ ရက်နေ့လောက်ကတည်းက စရှားတာပါ။ ကန်ကြီးကတော့ လုံးဝ ခမ်းခြောက်သွားပါပြီ။ ကျန်ရေတွင်းငယ် သုံးတွင်းမှာလည်း ရေမရှိတော့ပါဘူး။ သောက်ရေ၊ သုံးရေ အခက်အခဲနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်” ဟု မီးကျောင်းတက်ကျေးရွာမှ ကိုစောလင်းက ပြောသည်။

လက်ရှိတွင် အနီးအနားကျေးရွာများသို့ ရေသွားရောက် ခပ်ယူနေကြပြီး သောက်ရေကိုမူ တစ်ခြားရွာများ အသင်းအဖွဲ့အစည်းများမှ လာရောက် လှူဒါန်းသည့် ရေများကို သောက်သုံးနေကြရသည်ဟု ဆိုသည်။

“ အခု ထွေလာဂျီနဲ့ အချောင်ပြင်ကျေးရွာက ရေလာလှူနေပါတယ်။ မနက်ကတော့ လေးတောင် သရက်ချို ကျူရှင်ဆရာ ဆရာမ အဖွဲ့က ကားတွေနဲ့ လာလှူပါတယ်။ ဟိုတစ်ရက်နှစ်ရက်ဆိုလည်း သပြေကျွန်း၊ ကညင်ကောက်၊ တောင်ရွာ၊ လေးတောင်ချောင်းရွာတွေက လာရောက် လှူဒါန်းပါတယ်။ မိုးမရွာရင်တော့ ရေအခက်အခဲ အများကြီး ရှိနေပါတယ်” ဟု ကိုစောလင်းက ပြောဆိုသည်။

လောလောဆယ်တွင် ၎င်းအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ လောင်းချွိန်ကျေးရွာတွင် နေထိုင်နေပြီး ကျေးရွာသားများနှင့် အဆက်အသွယ်မရသေးကြောင်း၊ သို့အတွက် မြို့နယ်သို့လည်း ဆက်သွယ် တင်ပြနိုင်ခြင်း မရှိကြောင်း၊ လက်ရှိတွင် အနီးအနား ကျေးရွာများမှ လှူဒါန်းသော ရေများဖြင့် ဖြေရှင်းနေကြရကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ လိုတာက ရေကန် နောက်တစ်ကန် လိုလားပါတယ်။ အစိုးရ အာဏာပိုင်တွေကိုလည်း နောက်နှစ်နွေရာသီမှာ ရေမရှားရအောင် ရေကန် တစ်ကန် အသစ်တူးဖော်ပေးဖို့ ဘဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံထဲတွင် မိုးများသော ဒေသ တစ်ခု ဖြစ်သော်လည်း တိုးပွားလာနေသော လူဦးရေနှင့် အညီ လိုအပ်သော ရေလှောင်ကန်များကို မတူးဖော်နိုင်ရာမှ ကျေးရွာ အတော်များများတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှု ဒဏ်ကို ခံနေကြရပြီး တစ်ချို့ကျေးရွာများတွင် မသန့်ရှင်းသော ကန်ရေများ သောက်သုံးနေကြရာမှ ၀မ်းရောဂါ၊ အရေပြားကဲ့သို့သော ရောဂါများကိုလည်း ရရှိ ခံစားနေကြရသည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...