ကုမ္ပဏီ BXT International Co,Ltd မှ တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီး ထောင်ထားသော ဗီနိုင်းဆိုင်းဘုတ်တွင် ၎င်းကုမ္ပဏီအနေဖြင့် စစ်တွေမြို့၊ မြို့လယ်ချောင်းအား လက်ရှိ တည်ရှိနေသည့် ပုံစံအနေအထားအတိုင်း ကုလားတန်မြစ် မြေဖို့ မြေယာဖော်ထုတ်ရေး စီမံကိန်းကို ဖြတ်သန်း၍ ကုလားတန်မြစ်အတွင်းသို့ ရေစီးရေလာကောင်းမွန်စွာ စီးဆင်းနိုင်ရန် ကျောက်ကြီးစီ ရေတံတိုင်း Open Channel အဖြစ်တည်ဆောက် အကောင်အထည်ဖော်ထုတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများပြည်သူအား အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။
၎င်းချောင်းအား ပိတ်ဆို့ပြီး စတီးလ် ပိုက်လုံများ တပ်ဆင်ပါက ရေစီးရေလာများ ပိတ်ဆို့ပြီး မိုးရာသီတွင် မြို့နေရာ အတော်မျာများအား ရေမြုပ်နိုင်သဖြင့် စစ်တွေမြို့သူ မြို့သားများက မပိတ်ဆို့ရန် တောင်းဆိုနေကြသည်။
စစ်တွေမြို့ပြစီမံကိန်းတွင် စတီးပိုက်လုံးများ အသုံးပြုပြီး မြေဖို့မှု မပြုလုပ်ရန် လူမှုအဖွဲ့အစည်းများ၊ ချောင်းကို အသုံးပြုနေသူများနှင့် မြို့ခံလူထုများက ကန့်ကွက်နေသည့်ကြားက BXT ကုမ္ပဏီက စတီးပိုက်လုံး အသုံးပြုမှုကို ယာယီသာ အသုံးပြုမည်ဟု ဆိုင်းဘုတ်ထောင်ပြီး အများပြည်သူသို့ အသိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု စစ်တွေမြို့မိမြို့ဖဟောင်း ဦးသန်းထွန်းက ပြောသည်။
“ သူတို့ဖို့မယ့် မြေဧရိယာ အားလုံး စတီးပိုက်လုံးသုံးပြီးတော့ မြေဖို့ပြီးမှ ကွန်ကရစ်လောင်းမယ်ဆိုပြီးတော့ စီမံကိန်းမှာ လုပ်ခဲ့ကြတယ်။ အဲ့ဒီဟာကို ကျွန်တော်အပါအဝင် လူတွေအားလုံးက ကန့်ကွက်ခဲ့ကြတယ်။ နောက်ပြီးတော့ MES ခေါ်တဲ့ အင်နီယာအဖွဲ့ကလည်း ဘက်ပေါင်းစုံက ထောက်ပြတဲ့အတွက် ပိုက်လုံးမြုပ်တဲ့ စီမံကိန်း ပျက်သွားပြီးတော့ ဒီချောင်းကို ချောင်းအတိုင်းပဲ ထားပြီးတော့ ဘေးနှစ်ဘက်မှ အုတ်နံရံတွေ ကာထားမယ်ဆိုပြီးတော့ သဘောတူထားခဲ့ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယင်းသို့ သဘောတူထားသည့်တိုင်အောင် ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် စတီးပိုက်လုံးချပြီး မြေဖို့မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်ထံမှ ခွင့်ပြုချက် မယူဘဲ လုပ်ဆောင်ခဲ့ပုံရကြောင်း၊ ပြည်နယ်အစိုးရကိုယ်တိုင် သိရှိပုံမပေါ်ကြောင်း၊ ဦးသန်းထွန်းနှင့် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်တို့ တင်ပြပြီးမှ အစိုးရအဖွဲ့က သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ အစိုးရအဖွဲ့ကို ယာယီလုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ကုမ္ပဏီက ပြောဆိုလိုက်ကြောင်း ဦးသန်းထွန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားသည်။
ယင်းနောက်ပိုင်း ကိုးရီးယား ကုမ္ပဏီရုံးခန်းတွင် ကုမ္ပဏီ တာဝန်ရှိသူများက လွန်ခဲ့သည့်အပတ်က အစည်းအဝေးခေါ်ပြီး ရှင်းပြမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ဒီလိုလုပ်ဆောင်နေခြင်းဟာ ယာယီသာဖြစ်ပါတယ်။ မော်တော်ကားတွေ သွားလို့ရအောင် ယာယီ လုပ်ထားတာသာ ဖြစ်ပြီး သြဂုတ်လ နောက်ဆုံးထားပြီး ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်”ဟု ဦးသန်းထွန်းက ပြောသည်။
ယင်းသို့ ယာယီသုံးလကို လက်ခံနိုင်သော်လည်း ယခု မိုးတွင်း ယာယီ ၃ လ ကို လက်မခံနိုင်ကြောင်း၊ နွေရာသီ ၃ လ ဆိုလျှင် လက်ခံနိုင်ဖွယ်ရှိကြောင်း၊ မိုးတွင်း ၃ လသည် မုတ်သုန်လေ အားကောင်းပြီး မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကာ မြို့ရေကြီးမှုများနှင့် အသက်ဘေးကြောင့် ၀င်ခိုမည့် စက်လှေများအတွက် အန္တရာယ်ဖြစ်လာနိုင်၍ လက်မခံနိုင်ခြင်း ဖြစ်သည်ဟု ကုမ္ပဏီတာဝန်ရှိသူများကို ၄င်းက ရှင်းပြခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကိုးရီးယားကုမ္ပဏီက ခေါ်ယူခဲ့သည့် အစည်းအဝေးသို့ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိလည်း တက်ရောက်ကြောင်း၊ အဆိုပါတာဝန်ရှိသူများထံမှလည်း ယာယီပိုက်လုံးသုံးမှုကို ခွင့်ပြုသည်ဟု အသံကို မကြားခဲ့ရဟု ဆိုသည်။
အကယ်၍ ကိုးရီယားကုမ္ပဏီကသာ ဆိုင်းဘုတ်ထောင်ပြီး သူတို့ဆန္ဒရှိသည့်အတိုင်း ဆက်လုပ်လာပါက လူထုနှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း ဦးသန်းထွန်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀ံလက်ဖောင်ဒေးရှင်းဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံကလည်း “စတီးပိုက်လုံးများ သုံးပြီး မြေဖို့မယ့် စီမံကိန်းကို ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ၀န်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို စာပို့ ကန့်ကွက်ထားပါတယ်။ ဒီလိုမျိုး ကန့်ကွက်နေတဲ့ကြားက သူတို့ လုပ်ရဲတယ်ဆိုတာ ကုမ္ပဏီနဲ့ အစိုးရကြားမှာ တစ်စုံတစ်ရာ နားလည်မှုများ ရှိနေသလားဆိုတာကို သံသယ ၀င်မိပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
စတီးပိုက်လုံးများသုံးပြီး ယာယီမြေဖို့ ခြင်းကို လုပ်ဆောင်မည်ဟု ကုမ္ပဏီက ပြောဆိုမှုမှာ ယာယီဆိုသည်မှာ မည်သည့်အတိုင်း ကာလထိကို ဆိုလိုသည်ကို မသိရှိရကြောင်း၊ မိုးတွင်းကာလအတွင်းသာ ပြုလုပ်မည်ဆိုပါက စစ်တွေမြို့အနေဖြင့် မြို့ရေကြီးမှုကို ရင်ဆိုင်ရမည့်အပြင် မုန်တိုင်းဝင်ခိုကြမည့် စက်လှေများအတွက် အသက်အန္တရာယ်နှင့် ရင်ဆိုင်နိုင်ရကြောင်း သူ၏ အမြင်ကို နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
“ Open Channel လုပ်မယ်လို့ ပြောကြပါတယ်။ မှန်ပါတယ် Open Channel လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ချောင်းကို တံတားထိုးသင့်ပါတယ်။ မိုးသက်လေပြင်းကျလာရင် ကုတို့လှေတွေ ဝင်ရောက်နားခိုနိုင်အောင်ပါ။ ဒီချောင်းထဲကို စီးဝင်တဲ့ ရေပမာဏ Catchment Area များပါတယ်။ ရေထွက်တာနည်းရင် မြို့သူမြို့သားများအတွက် ဆုံးရှုံးမှုများလာနိုင်ပါတယ်” ဟု ကိုမင်းဆက်သက်ခိုင်က အင်ဂျင်နီယာရှုထောင့်မှ အမြင်ကို သူ၏ ဖေ့စ်ဘုတ်တွင် ရေးသား ဖော်ပြထားသည်။







