ဦးရက္ခဝံသ(ခ) ဦးမောင်လှဖြူအား စစ်တွေတွင် နိုင်ငံရေးအကျဉ်းသား စွမ်းဆောင်ရည်ဆု ချီးမြှင့်

ဦးရက္ခဝံသ(ခ) ဦးမောင်လှဖြူအား စစ်တွေတွင် နိုင်ငံရေးအကျဉ်းသား စွမ်းဆောင်ရည်ဆု ချီးမြှင့်
by -
နိရဥ္စရာ
ဘုန်းကြီးဘဝတွင် ဦးရက္ခဝံသဖြင့် လူသိများခဲ့သော ဦးမောင်လှဖြူအား နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စွမ်းဆောင်ရည်ဆုကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်)က ချီးမြှင့်ခဲ့သည်ဟု သိရသည်။

မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အခမ်းအနားတစ်ရပ်ဖြင့် ချီးမြှင့်ခဲ့ရာာ အခမ်းအနားသို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

“သူက နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်ဆက်တိုက် လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စွမ်းဆောင်ရည်ဆုကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်) ဥက္ကဋ္ဌ ဦးအေးကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဦးရက္ခဝံသ(ခ) ဦးမောင်လှဖြူအနေဖြင့် လှုပ်ရှားမှုအမြောက်အများ ရှိခဲ့ကြောင်း၊ ထိုအထဲမှ မန္တလေး မဟာမြတ်မုနိနှင့် ရခိုင်ပြည်နယ်ရှိ မဟာမြတ်မုနိသို့ လမ်းလျှောက်ပြီး အစာငတ်ခံ ဆန္ဒပြခြင်း၊ တောင်ကြီးသို့လမ်းလျှောက်ပြီး အစာငတ်ခံ ဆန္ဒပြခြင်းနှင့် ပင်လုံကျောက်တိုင်ထိ လမ်းလျှောက်ပြီး ကျောက်တိုက်တွင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် မေတ္တာရပ်ခံမှုများရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော် ရဟန်းဘဝနဲ့ လှုပ်ရှားတဲ့ကာလမှာ မန္တလေးနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမြတ်မုနိကို လမ်းလျှောက်ပြီးလှုပ်ရှားတဲ့အခါမှာ ဝေးပင်ရွာအရောက်မှာ အကျဉ်းသား ၅၆ ယောက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လွှတ်ပေးခဲ့တာရှိပါတယ်”ဟု ဦးမောင်လှဖြူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးမောင်လှဖြူအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းကျခဲ့ပြီး အပြင်တွင် လွတ်မြောက်နေပြီ ဖြစ်သော်လည်း ထောင်ထဲတွင် နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေသေးသဖြင့် သူ့အနေဖြင့် ထောင်ကျနေသလို ခံစားနေရကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်သည် အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...