မြေပုံမြို့နယ် ပြင်ဝန်းရွာမှ အရက်ပိတ်ပင်သည့် အမျိုးသမီးအဖွဲ့ဝင်များ အသက်အန္တရယ်နှင့်ရင်ဆိုင်နေရ

မြေပုံမြို့နယ် ပြင်ဝန်းရွာမှ အရက်ပိတ်ပင်သည့် အမျိုးသမီးအဖွဲ့ဝင်များ အသက်အန္တရယ်နှင့်ရင်ဆိုင်နေရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ် အုန်းချောင်း အုပ်စု ပြင်ဝန်းကျေးရွာမှ အမျိုးသမီးကွန်ယက်အဖွဲ့ဝင်များသည် ရွာတွင် အရက်ရောင်းချမှုကို ပိတ်ပင်ခဲ့၍ မကျေနပ်သူများမှ ရန်ရှာမှုများ ပြုလုပ်နေသဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင် နေရသည်ဟု အမျိုးသမီးအဖွဲ့ တာဝန်ရှိသူများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ လွန်ခဲ့တဲ့ အပတ်က အမျိုးသမီးအဖွဲ့ဝင် ဒေါ်လှအေးသာကို ကျောက်ချေ(ခ) မောင်ရွှေသန်းက ဓါးနဲ့ ထိုးပါတယ်။ ၀င်ကာတဲ့ ဒေါ်လှအေးသာရဲ့ ယောင်္ကျားဦးအေးသန်းမောင် (၄၅) နှစ်မှာ လက်မှာ ဒဏ်ရာ ရရှိသွားပါတယ်။ ဒေါ်လှအေးသာကို ရွာမှာ အရက်မရောင်းဖို့ ပိတ်ပင်ရာမှာဦးဆောင်ပါ၀င်တဲ့ အတွက် မကျေနပ်လို့ ကျောက်ချေက ဓားနဲ့ထိုးတာပါ” ဟု ပြင်ဝန်းကျေးရွာ အမည်မဖော်လိုသူ အမျိုးသမီးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ ဓါးဖြင့် ထိုးသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိ၍ ပို၍ စိုးရိမ်လာရသည်ဟု ၎င်းအမျိုးသမီးက ပြောသည်။

“ ကျွန်မတို့ ကိုယ်ရင်ပြင် ရဲစခန်းမှူးကိုလည်း တိုင်ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖုန်းကနေ အကြောင်းကြားတာ ရှိပါတယ်။ အဲဒီ ဓားထိုးမှု ဖြစ်တော့ ရဲက ရောက်လာပါတယ်။ ဒါပေမယ့် ရဲရော၊ ကျေးရွာအုပ်ချုပ်ရေးမှူးရော ကြောက်ပြီး ပြစ်မှု ကျူးလွန်သူကို အရေးမယူရဲဘူးလို့ သိရပါတယ်။ ဒီလို အခြေအနေတွေကြောင့် အမျိုးသမီးအဖွဲ့ဝင်တွေရဲ့ အခြေအနေ အလွန်ကို စိုးရိမ်ရပါတယ်။ တစ်ချို့ အမျိုးသမီးတွေ ဆိုရင် ရွာမှာ မနေရဲလို့ မြို့တက်ပြီး နေရတဲ့ သူတွေလည်း ရှိပါတယ်” ဟု သူမက ပြောဆိုသည်။

ပြင်ဝန်းရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာ တစ်ရွာ ဖြစ်ပြီး ကျွန်းသာယာကျွန်းတွင် တည်ရှိကြောင်း၊ အလယ်တန်းကျောင်းရှိပြီး ကိုးတန်းထိ ရွာကျောင်းတွင် တွဲဘက် အထကဖြင့် စာသင်ကြားနေကြောင်း၊ အရက်ကြောင့် ကျောင်းသား လူငယ် လူရွယ်များ ပျက်စီးလာကြောင်း၊ သောက်စားမူးယစ်မှုများကြောင့် ရန်ဖြစ်မှု၊ ဓားထိုးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ ရွာ၏ အဓိက လုပ်ငန်းဖြစ်သော ရေလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း မကြာခဏ အရက်ကြောင့် ပြဿနာမျာ တက်နေသဖြင့် ရွာရှိ အမျိုးသမီးများက ဦးဆောင်ပြီး ရွာတွင် အရက်မရောင်းရဟု ဂါမ ပညတ်ဖြင့် တားမြစ်ခဲ့ကြောင်း၊ ထိုသို့ တားမြစ်သည်ကို လူတစ်ချို့က မကျေနပ်သဖြင့် အမျိုးသမီးကွန်ယက် အဖွဲ့ဝင်များကို ရန်ရှာမှုများ ပြုလုပ်နေကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။

“ အရက်ကြောင့် ဓားထိုးမှု၊ လူသေမှုတွေ ဖြစ်တဲ့ အတွက် ကျွန်မတို့က ရွာမှာ အရက်မရောင်းဖို့ တားတာပါ။ လွန်ခဲ့တဲ့ သုံုးလလောက်ကလည်း မြေပုံမြို့နယ် တောင်မော်က စံသိန်းလှ (၃၂) နှစ်က အရက်မူးပြီး ဘုတ်ပေါ်က လူးကျ သေဆုံးသွားပါတယ်။ ဒီလို ဖြစ်စဉ်တွေ ရှိတဲ့အတွက် အရက်ကို မရောင်းချဖို့ ကျွန်မတို့ အမျိုးသမီး အဖွဲ့က တားမြစ်တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ပြင်ဝန်းရွာတွင် အရက်ရောင်းချမှုမှာ အမျိုးသမီးများ တောင်းဆိုမှုကြောင့် ခဏ ပိတ်သွားသော်လည်း ယခုအခါ အရက်ရောင်းချမှုကိုပြန်လည် ပြုလုပ်နေကြကြောင်း၊ ယခင် အရက်ဆိုင် ၁၀ ကျော်သာ ရှိသော်လည်း ယခုအခါ ဆိုင်ပေါင်း ၂၀ နီးပါးခန့် ဖြစ်သွားပြီ ဖြစ်ကြောင်း၊ အရက်ဆိုင် အားလုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူများကို ငွေပေးပြီး တရားမဝင် ရောင်းချနေခြင်း ဖြစ်ကြောင်း၊ ဓါးထိုးသူ ကျောက်ချေအား အရက်ဆိုင်ပိုင်ရှင်များမှ ပိုက်ဆံပေးပြီး အရက်ရောင်းချမှုကို ပိတ်ပင်သူ အမျိုးသမီးများအား ရန်ရှာရန် ခိုင်းစေထားကြောင်း၊ လက်ရှိအချိန်တွင် အရက်မူးသမားများက အရက်သောက်ပြီး ရွာကိုပတ်၍ ဓါးလှံများကို ကိုင်ဆောင်ကာ အမျိုးသမီး ကွန်ယက် အဖွဲ့ဝင် အမျိုးသမီးများအား အမျိုးမျိုး ပြုလုပ်မည်ဟု ဆိုကာ နေ့တိုင်းဆဲဆို ခြိမ်းခြောက်မှုများ ရှိနေ၍ တစ်ရွာလုံး စိတ်မချမ်းမသာ ဖြစ်နေကြကြောင်း၊ အထက်အာဏာပိုင်များမှ စိစစ်ပြီး အမြန် အရေးယူစေလိုကြောင်း ရပ်ရွာ လူကြီး တစ်ဦးမှလဲ ပြောကြားသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...