တရုတ် CNPCကုမ္ပဏီကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် မဒဲကျွန်းဒေသခံများဆန္ဒပြတောင်းဆို

တရုတ် CNPCကုမ္ပဏီကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် မဒဲကျွန်းဒေသခံများဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ
တရုတ်ရေနံတင်ဆိပ်ကမ်းတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် လမ်းပန်းဆက်သွယ်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရေးအတွက် တရုတ် CNPC- China National Petroleum Corporation ကုမ္ပဏီကို မေလ ၁၁ ရက် နေ့လယ် ၁ နာရီကျော်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မဒဲကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်းရွာ၊ ပြိန်ရွာ၊ ရွာမရွာ (၃)ရွာ ရွာချင်းဆက် ကွန်ကရစ်လမ်းရရှိရေး၊ ကျောက်တန်းကျေးရွာထဲတွင် ပျက်စီးနေသော တံတား(၃)စင်းကို ကွန်ကရစ် တံတားပြုလုပ်ပေးရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းရရှိရေးတောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးလှခိုင်က ‘‘ ကျောက်တန်းကျေးရွာမှာရှိတဲ့ တံတား(၃)စင်းကို ကွန်ကရစ်တံတားပြုလုပ်ပေးဖို့နဲ့ (၃)ရွာချင်းဆက် ကွန်ကရစ်လမ်းပြုလုပ်ပေးဖို့ ဆက်သွယ်ရေး လိုင်းအဆင်ပြေအောင်လုပ်ပေးဖို့ တောင်းဆိုဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုချက်တွေကို မလုပ်ပေးရင် ဆက်ပြီးဆန္ဒဖော်ထုတ်သွားဖို့ရှိပါတယ်’’ဟုပြောသည်။

ကျောက်တန်းကျေးရွာမှ စတင်ထွက်ခွာလာရာ ပြိန်ကျေးရွာနှင့် ရွာမကျေးရွာကိုဖြတ်၍ (၃)ကျော်လမ်းလျှောက်ကာ တရုတ်ကုမ္ပဏီ CNPC ထိချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကျောက်တန်းကျေးရွာမှ အလယ်တန်းကျောင်းသားကလေးများ ပြိန်ကျေးရွာသို့ ကျောင်းသွားရာတွင် စက်ဘီးစီး၍ သွားလာလို့ရသောနေရာ အနည်းငယ်သာရှိပြီး တွန်းပြီးသွားနေရကြောင်း စီမံကိန်းလုပ်နေသော တရုတ်ကုမ္ပဏီတွင် တာဝန်ရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါ၀င်သူ ကိုမောင်မောင်စိုး ကပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် မဒဲကျွန်းတွင် ဒေသခံများ လုပ်ကိုင် စားသောက်နေသော မြေယာများနှင့် ရေလုပ်ငန်းများပျက်စီးဆုံးရှံုးမှုတွေရှိကြောင်း ကျောက်တန်းကျေးရွာမှ ကိုမောင်မြင့်နိုင် ကပြောသည်။

‘‘ တရုတ်စီမံကိန်းကြောင့် မဒဲကျွန်းဒေသခံတွေမှာ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့တယ်။ ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ပေးဖို့ ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်။ စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာတာမရှိဘူး။ နောက်ထပ် အထူးစီးပွားရေးဇုန်အတွက် ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လာတော့မယ်ဆိုတော့ ဒီအတိုင်းသာဆိုရင် ဒေသခံတွေ အကျိုးရှိမယ် မထင်ပါဘူး’’ဟုသူကပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ကျောက်တန်း၊ ပြိန်၊ ရွာမ စာသည့် ကျေးရွာသုံးရွာမှ ကျောင်းသား ကျောင်းသူများအပါအဝင် လူပေါင်း(၃၀၀)ခန့်ပူးပေါင်းပါ၀င်ခဲ့ကြသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဆိပ်ကမ်း(၂)ခုအနက် မဒဲကျွန်းတွင်(၁)ခုနှင့် စစ်တောကျေးရွာအုပ်စု၊ သစ်ပုတ်တောင်ကျေးရွာအနီးတွင် တစ်ခုပါ၀င်ကြောင်းသိရသည်။

မဒဲကျွန်းတွင် ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထမ်ဆည် စသည့် ကျေးရွာ(၄)ရွာရှိပြီး ယခုဆန္ဒဖော်ထုတ်ပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ခုနှစ်က တစ်ကြိမ်ပြခဲ့ဖူးကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...