တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့၏ အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ တောင်ရိုးစာပေ ယဉ်ကျေးမှု အသင်း၏ စည်းရုံးရေးမှူးဖြစ်သူ ကိုအောင်ဆန်းက “တောင်ရိုး-ရခိုင် လူငယ်ချစ်ကြည်ရေး ခရီးစဉ် တစ်ခုအနေနဲ့ ရောက်ခဲ့တာပေါ့လေ။ ရခိုင်ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေနဲ့ ကျွန်တော်တို့ ဒေသမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို လူငယ်အချင်းချင်း ဘယ်လို ပူးပေါင်း ပါ၀င် လုပ်ဆောင်ကြမလဲ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်တွေ အကြားမှာ ဆွေးနွေးနိုင်အောင် လာရောက်တာပါ”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်ဒေသအတွင်း ဖြစ်ပျက်နေမှုများနှင့် ပတ်သက်၍ မြင်တွေ့ခဲ့မှုများကို ခရီးစဉ်အပြီးတွင် သုံးသပ်သွားရန် ရှိသည်ဟု ဆိုသည်။
“ခရီးစဉ်က ဒီနေ့နဲ့ပါဆိုရင် နှစ်ရက်ပဲ ရှိသေးတယ်ပေါ့။ မနေ့ကတော့ စစ်တွေမှာနေတယ်၊ စစ်တွေမှာ လေ့လာတယ်။ နောက်ဒီနေ့ကျတော့ ကျောက်တော်နဲ့ မြောက်ဦး၊ ပြီးတော့ မင်းပြားထိ သွားမယ်ပေါ့”ဟု ကိုအောင်ဆန်းက ပြောသည်။
၎င်းတောင်ရိုး လူငယ် အဖွဲ့သည် မေလ ၉ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး ၀ံလက်ဖောင်ဒေးရှင်း အပါအဝင် ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး ဗဟိုဦးစီးကော်မတီနှင့် စစ်တွေ လူငယ်အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး၊ မေလ ၁၀ ရက်နေ့တွင် မြောက်ဦးလူငယ်အဖွဲ့နှင့် မင်းပြားလူငယ် အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။
“ဒါက ပထမဦးဆုံး ချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ လမ်းခင်းလိုက်ပြီပေါ့လေ။ ဥပမာ ကျွန်တော်တို့ ဆွေမျိုးဖြစ်တဲ့ ရခိုင်လူငယ်တွေရဲ့ သဘောထားတွေကို သိရတယ်။ သူတို့ ကျွန်တော်တို့ကို ကြိုဆိုတဲ့ အနေထားလေးတွေ၊ နောက်ဆက်တွဲ ကျွန်တော်တို့ ဘယ်လိုအနေအထားလေးတွေနဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ အားလုံးကို တိုင်ပင်ဆွေးနွေးတဲ့ဟာတွေပါမယ်။ ဒီထက်မက လုပ်ငန်းကိစ္စရပ်တွေကိုပါ ၀ိုင်းဝန်းဆွေးနွေးသွားဖို့ အစီအစဉ်လေးတွေလည်း ရှိပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခုခရီးစဉ်အတွင်း ရခိုင်လူငယ်များက နွေးထွေးစွာ ကြိုဆိုမှုရှိကြောင်း၊ ဧည့်ဝတ်ကျေပွန်မှုရှိပြီး ပျော်ပျော်ရွှင်ရွှင်နှင့် ၀မ်းသာအားရ ကျေနပ်မှုရှိသည်ဟု ဆိုသည်။
အဆိုပါအဖွဲ့သည် မင်းပြားလူငယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် မေလ ၁၁ ရက်နေ့ နံနက်တွင် တောင်ရိုးဒေသ ရှမ်းပြည်နယ်သို့ ခရီးဆက် ပြန်သွားမည်ဟု သိရသည်။
သမိုင်းကြောင်းအရ တောင်ရိုးလူမျိုးသည် ဓညဝတီခေတ်တွင် ရခိုင်ပြည်မှ ခွဲခွာလာခဲ့ပြီး ယခု လက်ရှိတွင် ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိကာ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခွဲကျော် ရှိသည်ဟု သိရှိရသည်။







