အတင်းဓမ္မ ပြန်ပို့ခံရသည့် ကျောက်ဆည်တောင် စစ်ပြေးရှောင် ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲတွေ့

အတင်းဓမ္မ ပြန်ပို့ခံရသည့် ကျောက်ဆည်တောင် စစ်ပြေးရှောင် ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲတွေ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆည်တောင်မှ မိသားစု ၄၂ စု၊ လူဦးရေ ၂၁၃ ဦးသည် စစ်ပွဲများကြောင့် ထွက်ပြေးပြီး ကျောက်တော်မြို့နယ် ငစရိုင်းကိုင်းကျေးရွာတွင် ခိုလုံနေရာမှ အတင်းဓမ္မပြန်ပို့ ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးက ခင်ဗျာတို့ သုံးလဆိုပြီး ငစရိုင်းကိုင်းရွာမှာ ခိုလုံနေတာ အချိန်လွန်သွားပြီ ဖြစ်တဲ့ အတွက် ကိုယ်နေရာဖြစ်တဲ့ ကျောက်ဆည်တောင်ကို ပြန်ပါ ဆိုပြီး အတင်းပြောပါတယ်။ မပြန်ရင် အရေးယူနိုင်တယ်လို့ ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ နဂို မူလ နေရာ ဖြစ်တဲ့ ပုဏ္ဍားကျွန်းမြို့နယ် ဖြစ်တဲ့ ကျောက်ဆည်တောင်ကို ပြန်လည် ပြောင်းရွှေ့ ခဲ့ရပါတယ်” ဟု အရပ်သားခေါင်းဆောင် ဦးမောင်လှသိန်းက ပြောဆိုသည်။

ထိုသို့ ပြောင်းရွှေ့ခိုင်းသော်လည်း သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူများမှ တစ်စုံတစ်ရာ စီစဉ်ပေးမှု မရှိသဖြင့် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြောင်းရွှေ့လာကြရကြောင်း၊ ရိက္ခာများလည်း အပြည့်အဝ ပါမလာကြောင်း၊ ပစ္စည်းမျာကိုလည်း ကိုယ်တိုင်ထမ်းပြီး ခြေကျင်လျှောက် ရွှေ့ပြောင်းခဲ့ရကြောင်း သူက ပြောသည်။

“ ကျွန်တော်တို့ ဧပြီလကတည်းက ပြောင်းရွှေ့လာရာမှာ အခု မိသားစု ၄၁ စုကတော့ ကျောက်ဆည်တောင်ကို ပြန်ရောက်ပါပြီ။ တစ်စုကတော့ အဲဒီမှာ ကျန်ခဲ့ပါသေးတယ်။ သူတို့ကိုလည်း များမကြာမီ ပြန်လည် ပြောင်းရွှေ့နိုင်အောင် စီစဉ်နေပါတယ်။ အခု ပြောင်းရွှေ့ရာမှာ ဘယ်အစိုးရ တာဝန်ရှိသူတွေက အကူအညီမရပါ။ ၀ါးခုတ် သစ်ခုတ် ပြီးစားနေရတယ်။ အိမ်တွေကတော့ မဆောက်ရသေးပါဘူး။ အိမ်တွေကို ၀ါးရွက်တွေ မိုးပြီး ပြန်နေထိုင်ရသလို တစ်ချို့ဆိုရင်လည်း တာလာပတ်ချာတွေကို မိုးပြီး နေထိုင်နေကြရပါတယ်။ စားဝတ်နေရေး အခက်အခဲကတော့ ရှိနေပါတယ်” ဟု ဦးမောင်လှသိန်းက ပြောဆိုသည်။

သူတို့အား ICRC နှင့် WFP အပါအဝင် အန်ဂျီအို အဖွဲ့ ၄ ဖွဲ့ က ဧပြီလ ၁၀ ရက်နေ့က ဖိတ်ကြားသဖြင့် စစ်တွေ ICRC ရုံးတွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံရာတွင် စစ်ပြေးရှောင် ဒုက္ခသည် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ သင်္ကြန်လွန်လျှင်လည်း ရိက္ခာများ ကူညီပေးမည်ဟု ပြောဆိုသော်လည်း ယခုအချိန်ထိ အကူအညီ တစ်စုံတစ်ရာ ရရှိခြင်း မရှိကြောင်း သူက ပြောသည်။

ယခုကဲ့သို့ စားဝတ်နေရေး အခက်အခဲများ ကျရောက်နေသဖြင့် ပြန်လည် ရောက်ရှိလာသော ကျောက်ဆည်တောင် စစ်ပြေးရှောင် ကျးရွာသားမျာ အတွက် မည်သို့ ဆောင်ရွက်ပါမလဲဟု ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က မေးမြန်းရာ “ ကျွန်တော်တို့ ကျောက်ဆည်တောင် စစ်ပြေးရှောင် ဒုက္ခသည်တွေ ပြန်ရောက်တဲ့ သတင်း အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ဆီကို သတင်း မပို့သေးဘူး။ မေးမြန်းကြည့်ပြီးမှ အကြောင်း ပြန်ကြားပေးပါမည်” ဟု ပြန်လည် ဖြေကြား ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဍားမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်သို့ ဆက်သွယ်ရာ ဖုန်း လေးကြိမ်တိတိ ခေါ်သော်လည်း တစ်ကြိမ်မှ ပြန်လည် ဖြေကြား ပြောဆိုခြင်း မရှိပါ။

ကျောက်ဆည်တောင် ပတ်ဝန်းကျင်တွင် စစ်ကြောင်းများ မကြာခဏ သွားလာမှု ရှိနေကြောင်း၊ သို့သော် တိုက်ပွဲ ဖြစ်ပွားခြင်းများ မရှိတော့ကြောင်း ရွာသားများက ပြောကြားသည်။

ကျောက်ဆည်တောင် ကျေးရွာမှ မိသားစု ၄၂ စု၊ လူပေါင်း ၂၁၃ ဦးသည် ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့က တိုက်ပွဲများကို ကြောက်လန့်ပြီး ရွာကို စွန့်ခွာခဲ့ကြကာ ငစရိုင်းကိုင်းတွင် ခိုလုံနေထိုင်ခဲ့ကြသူများ ဖြစ်ကြသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...