ကျောက်ဖြူ ပညာရေးကောလိပ်မှ သင်တန်းတက်နေသော ဆရာ/ဆရာမ တစ်ထောင်ကျော်ပါ၀င်၍ ပင်လယ်ကမ်းခြေ တစ်လျှောက် အမှိုက်ကောက်

ကျောက်ဖြူ ပညာရေးကောလိပ်မှ သင်တန်းတက်နေသော ဆရာ/ဆရာမ တစ်ထောင်ကျော်ပါ၀င်၍ ပင်လယ်ကမ်းခြေ တစ်လျှောက် အမှိုက်ကောက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် သင်တန်းတက်ရောက်နေကြသော ဆရာ/ ဆရာမ ၁ ထောင်ကျော်သည် ယနေ့နံနက်က ကျောက်ဖြူ နဒီသောင်ယံ ပင်လယ်ကမ်းခြေ သန့်ရှင်း သာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် ကမ်းခြေ တစ်လျှောက် အမှိုက်ကောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

“ အခု သင်တန်းလာတက်နေတဲ့ ဆရာ ဆရာမက စုစုပေါင်း ၁၅၀၀ ခန့်ရှိပါတယ်။ ဒီနေ့ အမှိုက်လာကောက်တာက စုစုပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ နံနက် ၆ နာရီခွဲကနေ ရ နာရီခွဲထိ အမှိုက်ကောက်ခဲ့ပါတယ်။ ကာယချိန်မှာ အခုလို လာအမှိုက်ကောက်တာပါ” ဟု အမှိုက်ကောက်ရာတွင် ပါ၀င်သူ သင်တန်းသား ဆရာ ညီညီထွန်းက ပြောကြားသည်။

အမှိုက်ကောက်ရသည့် ရည်ရွယ်ချက်မှာ ကျောက်ဖြူ နဒီသောင်ယံ ကမ်းခြေမှာ ပြည်သူများ အပန်းဖြေ အနားယူရာ ပင်လယ်ကမ်းခြေ တစ်ခု ဖြစ်သဖြင့် သန့်ရှင်း လှပေစေရန် ရည်ရွယ်၍ အမှိုက်ကောက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

ကျောက်ဖြူ ပညာရေး ကောလိပ် ကျောင်းအုပ်ကြီး ဆရာကြီး ဦးကျော်ဝေက ယခု လူပ်ရှားမှုမှာ ကျောက်ဖြူခရိုင်၊ မြို့နယ် အပါအဝင် ဌာနဆိုင်ရာများ နှင့် ပူးပေါင်းပြီး ရက်သတ္တပတ် လူပ်ရှားမှု အဖြစ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သို့အတွက် သင်တန်းသူ ဆရာ ဆရာမများအနေဖြင့် လူမှုရေး လုပ်ငန်းများတွင် ပါ၀င် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

" အခု သင်တန်း လာတက်ကြတဲ့ ဆရာ ဆရာမတွေဟာ အနာဂတ်ကို ဖန်တီးကြမယ့် ကလေးငယ်တွေရဲ့ ဥယျဉ်မှူးတွေ ဖြစ်ကြတဲ့ အတွက် အနာဂတ်မှာလည်း ပြည်သူတွေနဲ့ လက်တွဲပြီး လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင် အလေ့အကျင့် ပျိုးထောင်ပေးတာ ဖြစ်သလို တစ်ဖက်မှာလည်း ဒီလို ပြည်သူ အကျိုးပြုလုပ်ငန်းတွေကို နောင်မှာ ပါ၀င်ဆောင်ရွက်နိုင်အောင် သူတို့တွေကို တိုက်တွန်းသွားမယ်။ ကူညီအားပေးသွားမှာ ဖြစ်ပါတယ်" ဟု ဆရာကြီး ဦးကျော်ဝေက နိရဥ္စရာသို့ ပြောကြားသွားသည်။

ယခု အမှိုက်ကောက်ခဲ့ကြသော ဆရာ ဆရာမများသည် ကျောက်ဖြူပညာရေးကောလိပ်တွင် မူလတန်းစာပေးစာယူသင်တန်း အမှတ်စဉ်(၃၅) တက်ရောက်လျှက်ရှိသော ရခိုင်ပြည် မြို့နယ်အသီးသီးမှ ဆရာ/မများဖြစ်ကြကြောင်း သိရှိရသည်။ သင်တန်းကာလမှာ ဧပြီ ၂၂ ရက်နေ့မှ မေလ ၃၀ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...