မသန်းသန်းမေ (၅) နှစ်ကို ကျော်ကျော်မိုး(ခ) အောင်မြင့်က မုဒိမ်းကျုးလွန်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အရပ်ဘက် တရားရုံးမှ ၁၀ နှစ်နှင့် ယခင် စစ်ခုံရုံးမှ ၅ နှစ် ချမှတ်ထားသဖြင့် စုစုပေါင်း (၁၅) နှစ် ချမှတ်လိုက်သည်ဟု ဒေါ်ကျော့မေက ပြောဆိုသည်။
“ သူတို့ ကို ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့နဲ့ စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တာ ဖြစ်ပါတယ်” သူမက ပြောသည်။
မဌေးဌေးစံ (၈) နှစ်အား နေဝင်းအောင် (ခ) ဦးနေဝင်းက မုဒိမ်းကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့ဖြင့် ထောင် ၁၀ နှစ် ချမှတ်လိုက်ပြီး စစ်ပြေးမှုဖြင့် စစ်ခုံရုံးက တစ်နှစ် စုစုပေါင်း (၁၁) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
စစ်တွေမြို့ စက်ရုံစု ရပ်ကွက် မီးလောင်ပြင်တွင် နေထိုင်သူ မသန်းသန်းမေမှာ အိမ်သာတက်ရန် သွားရောက်စဉ် ကျော်ကျော်မိုး(ခ) အောင်မြင့်က ကစားစရာ ပူဖောင်းဘောလုံးဝယ်ပေးမည်ဆိုပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လိမ်လည် ခေါ်ယူသွားပြီး မုဒိမ်းပြုကျင့်ခဲ့သည်ဟု သိရသည်။
မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျော်ကျော်မိုး၏ ကိုယ်ပိုင်အမှတ်မှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး မြောက်ဦး အခြေစိုက် ခမရ(၃၇၈)မှ ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်ကတည်းက တပ်မှ ထွက်ပြေးနေသူ ဖြစ်ကြောင်း၊ စစ်တွေမြို့စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာနေထိုင်သူဖြစ်ကြောင်း သိရသည်။
နောက် တစ်ဦးဖြစ်သူ စစ်တွေမြို့ ဓညတီ ရပ်ကွက် မဌေးဌေးစံ (၈) နှစ်သည် အဟာရချိူ့တဲ့ပြီး နာတာရှည် ရောဂါကို ခံစားနေရသော ကလေးငယ် တစ်ဦး ဖြစ်ပြီး စစ်တွေမြို မင်းဂံရပ်ကွက် နေအိမ်ရှိ အိပ်ရာပေါ်မှ မထနိုင်ဘဲ ရှိနေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေက အရက်သောက်စား မူးယစ်နေသည့် စစ်တပ်မှ ခွင့်မဲ့ပျက်ကွက်နေသူ ခမရ ၃၅၄ မှ နေဝင်းအောင်(ခ) ဦးနေဝင်း (ကိုယ်ပိုင် အမှတ်- တ/ ၂၈၇၇၅၃) က အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်။
မဌေးဌေးစံအား ရန်ကုန်မြို့ရှိ ရန်ကင်း ကလေးဆေးရုံသို့ ယူဆောင်လာပြီး ဆေးကုသနေစဉ် အောက်တိုဘာလ ၂၁ ရက် နေ့လယ် တစ်နာရီ ငါးမိနစ်တွင် ကွယ်လွန်သွားခဲ့သည်။







