"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့် အရာရှိမိသားစုတချို့ကိုပြောင်းရွှေ့နေ"
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမြောက်တပ် အမတ (၃၄၄) ၏ ကာကင်းစခန်း ၃ ခုအား အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲမှာ လက်နက်ကြီး လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာသဖြင့် အရာရှိမိသားစုတချို့ ပြောင်းရွေ့နေကြောင်း ရေကြည်မြို့စစ်ရေးသတင်းအရင်းမြစ်များထံမှသိရသည်။
“ AA နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေကမေလ ၁ဝ ရက်နေ့ကစတင်ကာ အမြောက်တပ်သို့ တကျော့ပြန် ထိုးစစ်ဆင်နေတာပါ။အမြောက်တပ်နဲ့တစ်မိုင်အကွာရှိ ကာကင်းစခန်း ၃ ခုကိုAA က သိမ်းပိုက်ထားပြီဖြစ်တယ်။အဲဒီနောက် အာဏာသိမ်းစစ်တပ်က လေကြောင်းက ဗုံးကြဲမှုတချို့ရှိခဲ့တယ်။ ဒီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက တိုက်ပွဲပြင်းထန်းခဲ့တယ်” ဟု စစ်ရေး သတင်းရင်းမြစ် တစ်ခုက နိရဉ္စရာကို ပြောသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်နေသည့်အပြင် လက်နက်ကြီးကျည်များမှာလည်း မြောက်စန်းရွာ ရွာအထိကျလာသဖြင့် အရာရှိ မိသားစုများကို စတင် ပြောင်းရွှေ့ နေပြီဟု ဆိုသည်။
“ မြောက်စန်းရွာ ရွာအထိ လက်နက်တွေကျတယ်။ အမြောက်တပ်အထိ လက်နက်ကြီးတချို့ကျတော့ အရာရှိတွေရဲ့မိသားစုတွေပြောင်းနေပြီ။ ရဲဘော်မိသားစုတွေမပြောင်းရသေးဘူး၊နောက်ဆုံးခံစစ်အခြေ အနေလို့တပ်လန့်ထားတယ်။ အသေခံမတိုက်နိုင်ဘူး။ ပြေးကြမှာ။ အမြောက်တပ်နဲ့ တမိုင်လောက်အကွာက ကာကင်း သုံးခု အေအေရထားတယ်။ အမြောက်တပ်ကို အေအေက ဝိုင်းပြီးနေရာ သုံးခုက ပိတ်ဆို့ပြီးတိုက်နေတာပါ" ဟုရေကြည်မြို့နယ်မှ အမျိုးသားတစ်ဦးကပြောသည်။
AA နှင့်တော်လှန်ရေးတပ်များသည် အမတ (၃၄၄) တပ် ရင်းသို့ ဂွ-ငသိုင်းချောင်းလမ်းအတိုင်းဘက်၊ အမြောက်တပ်နောက်ကျော ဘက်တို့မှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး အမြောက်တပ်ကို ဝန်းရံထားသည့် ကာကင်းငါးခုခန့်သာကျန်ရှိခဲ့ကာအာဏာသိမ်းစစ်သားများ ကာကင်းများမှာ ပြန်ဆုတ်ခွင့်တောင်းနေပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ရခိုင်ပြည် ဂွမြို့နှင့် ဆက်စပ်နေပြီး ဂွ-ငသိုင်းချောင်းလမ်းပိုင်းဘေးရှိ အမြောက်တပ်ရှိသည့် မြောက်စမ်းကျေးရွာအနီးတွင်လူသွားလူလာနည်းပါးနေပြီး AA ရှေ့ပြေး ကွန်မန်ဒိုများ၊ စနိုက်ဘာများ ရောက်ရှိနေကြောင်း ဒေသခံ တချို့ကအတည်ပြုသည်။
အေအေနှင့်ကာကွယ်ရေးတပ်များသည် အမတ ၃၄၄ ၏နောက်ဆုံးလက်ကျန်ကာကင်းငါးခုအား ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။
အမတ(၃၄၄)တပ်ရင်းကို ၂၀၂၅ နှစ်ဆန်းပိုင်းကလည်း AAနှင့် မဟာမိတ်များ တိုက်ခိုက်ခဲ့ဖူးပြီး ကာကင်းစခန်း၂ ခုကိုလည်း သိမ်းယူထားပြီးလက်ရှိ ကာကင်းများ ဆက်လက်သိမ်းပိုက်နေခြင်းဖြစ်သည်။
ငသိုင်းချောင်းအနီးက အမြောက်တပ်အမတ (၃၄၄) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်း သတင်းများတွင်လည်း ဖော်ပြထားသည်။
အမြောက်တပ်ကို မေလ ၁၀ ရက်နေ့ကနေ ဝိုင်းဝန်းပိတ်ဆို့ပြီး AA က တိုက်ခိုက်နေကြောင်း တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က အထိနာနေကြောင်း ဧရာ၀တီတိုင်းအတွင်း သတင်းများကို ဖော်ပြနေသော ဧရာဝတီတိုင်းမ်တွင်လည်း သတင်းဖော်ပြထားသည်။
သေဆုံးသွားသောစစ်သားများနှင့် ဒဏ်ရာရလူနာများကိုလည်း အမိုးအုပ် စစ်သုံးဖောကားများဖြင့်ပုသိမ်သို့သယ်ဆောင်သွားပြီး ရွှေမြင်တင်မီးသင်္ဂြိုလ်စက်နှင့် ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ- ၄ ကို ခွဲ့ပို့ထားသည်ဟုဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသောအမြောက်တပ်အတွင်း၌ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းများ၊ ကျုံပျော်ခလရ ၃၆တပ်ရင်း၊ ဖျာပုံအခြေစိုက် ခလရ ၉၈တပ်ရင်း၊ ဓနုဖြူအခြေစိုက် ခလရ ၁၀၈၊ တပ်မ ၆၆လက်အောက်ခံ ခလရ ၁၄တပ်ရင်း ဟင်္သာတ ခလရ၁၈ တပ်များအပြင် အခြားထုတ်နုတ်တပ်များကိုလည်း ပို့ဆောင်ကာ အင်အားဖြည့်တင်းထားသည်ဟု ဆိုသည်။
အခုလိုအင်အားဖြည့်တင်းထားသော်လည်း ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တိုက်ပွဲ အတွင်း စစ်အုပ်စုဘက်မှ အထိနာနေကြောင်းမြေပြင်သတင်းရင်းမြစ်တဦးကိုကိုးကားပြီး Mizzima ကလည်း သတင်းဖော်ပြထားသည်။







