မွန်ပြည်နယ်တွင် ကျားဖြန့်ပစ္စည်းများကို စစ်တပ် ပြန်လည်ရောင်းစားနေ

မွန်ပြည်နယ်တွင် ကျားဖြန့်ပစ္စည်းများကို စစ်တပ် ပြန်လည်ရောင်းစားနေ
ဓါတ်ပုံ - ပုံဟောင်း (Crd)
ဓါတ်ပုံ - ပုံဟောင်း (Crd)

မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို အနိမ့်ဈေးဖြင့် ပြန်လည်ရောင်းချနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သံလွင်တိုင်းမ်သို့ ပြောသည်။

စစ်တပ်သည် ယခုနှစ်ဆန်းပိုင်းကစတင်ကာ ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေသည့် ကရင်ပြည်၊ မြဝတီမြို့ နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေတို့ရှိ ကျားဖြန့်အဆောက်အအုံများကို ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆောက်အအုံများကို မဖြိုချမီ စားပွဲခုံ၊ ထိုင်ခုံ၊ အဲကွန်း၊ ရေခဲသေတ္တာများအပါအဝင် အခြားတန်ဖိုး ရှိသည့် လူအသုံးအဆောင် ပစ္စည်းများကို စစ်တပ်က သိမ်းယူခဲ့သည်။

ထိုသို့ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို ပစ္စည်းအမျိုးအစားအပေါ် မူတည်ကာ သိန်းရာနှင့် ချီ၍ ပြန်လည်ရောင်းချနေခြင်းကြောင့် မွန်ပြည်နယ်အတွင်း ဈေးကွက်တစ်ခုသဖွယ် ဖြစ်လာနေကြောင်း အမည် မဖော်လိုသည့် လုပ်ငန်းရှင်နှစ်ဦးက ပြောဆိုသည်။

စစ်တပ်သည် ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်ဖမ်းဆီးရာတွင် အဓိကအားဖြင့် အင်တာနက် အသုံးပြုနိုင်သည့် Starlink များနှင့် ကွန်ပျူတာ၊ ဖုန်းများကိုသာ ထုတ်ဖော်ပြသလေ့ရှိပြီး အခြားလူအသုံးအဆောင် ပစ္စည်းများကိုမူ ထည့်သွင်းဖော်ပြလေ့ မရှိပေ။

ယခုကဲ့သို့ ပစ္စည်းများ ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများကို စစ်တပ်အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် အဆင့်ဆင့်က ပြန်လည်ခွဲဝေယူနေကြခြင်း ဖြစ်သည်။

ကျားဖြန့် အဆောက်အအုံ ဖြိုချမှုများကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဌာနချုပ်များက အဓိက တာဝန်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်တပ်အသွင်ပြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ ရွှေကုက္ကိုလ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများ အသုံးပြု ခဲ့သည့် အဆောက်အအုံ ၇၇ လုံးကို ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...