CNO နှင့် ဆွေးနွေးခဲ့ဟု မင်းအောင်လှိုင် ပြောကြားချက်အပေါ် ချင်းညီနောင် တုံ့ပြန်

CNO နှင့် ဆွေးနွေးခဲ့ဟု မင်းအောင်လှိုင် ပြောကြားချက်အပေါ် ချင်းညီနောင် တုံ့ပြန်

စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပါဝင်ခဲ့ကြောင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထုတ်ဖော် ပြောဆိုခဲ့ သည်။

သမ္မတရာထူးရယူပြီး ရက် ၁၀၀ ပြည့်သည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် စစ်အုပ်စုက တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစာရင်း၌ CNO ကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အုပ်စုနှင့် ဆွေးနွေးခဲ့သည်ကို မသိရှိကြောင်းနှင့် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း ချင်းညီနောင် (CB) ဥက္ကဋ္ဌ ဆလိုင်းထန်ချွန်းဖေက မဇ္ဈိမသို့ ပြောသည်။

“ချင်းညီနောင် (CB) အနေနဲ့သော်လည်းကောင်း၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) အနေနဲ့သော်လည်းကောင်း အကြမ်းဖက်စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆွေးနွေးဆုံးဖြတ်ထားတာ မရှိပါဘူး။”

CNO/CNDF အဖွဲ့သည် တစ်ဦးတစ်ယောက်အတွက် ရပ်တည်သည့်အဖွဲ့မဟုတ်ဘဲ တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်နေကြောင်းနှင့် အွန်လိုင်းပေါ်တွင် တွေ့ရသည့် သတင်းများနှင့်ပတ်သက်ပြီး မကြာမီ ထုတ်ပြန်သွား မည် ဖြစ်ကြောင်း CNO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ၎င်း၏ လူမှုကွန်ရက်တွင် ညနေပိုင်း၌ ချင်းနှင့် မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည်။

“CNO/CNDF သည် တော်လှန်ရေးကိုလုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ အနာဂတ်မှာလည်း ချင်းလူမျိုးအားလုံးရဲ့ သဘောတူညီမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပေါ်ပေါက်လာသည့် ဆွေးနွေးမှုများမရှိမချင်း တော်လှန်ရေးကို ဆက် လက်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။ အွန်လိုင်းမှာ တွေ့နေရသည့် သတင်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ရန် မကြာမှီတရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါသည်။”

CNO နှင့် စစ်အုပ်စုအကြား ဆွေးနွေးမှုရှိသည်ဆိုသည့် သတင်းများမှာ မကြာသေးမီရက်ပိုင်းအတွင်း လူမှုကွန် ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုကြောင့် ထွက်ပေါ်လာသည့် ကောလဟလသာ ဖြစ်နိုင်ကြောင်း ယူဆမှုများလည်း ရှိခဲ့သည်။

ယခု စစ်အုပ်စုခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလာပြီးနောက် ချင်းလူမျိုးအချို့က လူမှုကွန်ရက်ပေါ်တွင် ‘အံ့အားသင့်ရသည်’ ဟု ရေးသားထားကြသည်။

ထို့ပြင် ချင်းညီနောင် ထိန်းချုပ်နယ်မြေများဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် စစ်အုပ်စုတပ် နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန်၌ ယင်းကဲ့သို့ ဆွေးနွေးမှုများ ပေါ်ပေါက်လာခြင်းသည် ‘သစ္စာဖောက် လုပ်ရပ်’ ဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

သတင်းများအရ ဆွေးနွေးပွဲတွင် စစ်အုပ်စုဘက်မှ ဗိုလ်ချုပ်စိန်ထွန်းလှ၊ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဦးလှမောင်ရွှေနှင့် ဦးနိုးထန်ကပ်တို့ ပါဝင်ခဲ့ပြီး CNO ဘက်မှ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဆိုင်ရာ အတွင်းရေးမှူးနှင့် အခြားကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ သို့သော် အဆိုပါ သတင်းကို သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

ဦးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားသည်ဆိုသည့် ခံယူချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အားလုံးကို မည်သည့်ကြိုတင်ကန့်သတ်ချက်မျှ မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး စုစုပေါင်း EAO ၁၃ ဖွဲ့နှင့် တွေ့ဆုံနိုင်ခဲ့သည်” ဟု ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်အရ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များအနက် CNO၊ UWSA၊ PSLF/TNLA၊ SSPP၊ NDAA နှင့် NSCN-K တို့ ပါဝင်ပြီး၊ NCA လက်မှတ်ရေးထိုးထားသည့် RCSS၊ KNU/KNLA-PC၊ NMSP၊ LDU၊ DKBA နှင့် ALP တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

CNO သည် ချင်းညီနောင် (CB) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) အဖွဲ့ဝင်ဖြစ်ပြီး ဖလမ်းမြို့နယ်ကို အခြေစိုက်သည့် အဖွဲ့အစည်းဖြစ်သည်။ CNO နှင့် မဟာမိတ်တပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဧပြီလတွင် စစ်အုပ်စုတပ်က ပြန်လည် သိမ်းပိုက် ခဲ့သည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...