KNLA နှင့် PDF တို့ကို ကျားဖြန့်နှင့် ပတ်သက်သည်ဟု စွပ်စွဲချက် KNU လုံးဝငြင်းဆို

KNLA နှင့် PDF တို့ကို ကျားဖြန့်နှင့် ပတ်သက်သည်ဟု စွပ်စွဲချက် KNU လုံးဝငြင်းဆို

ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA နှင့် PDF တပ်ဖွဲ့များက ငွေကြေးရယူ၍ ကာကွယ်ပေးထားကြောင်း စစ်အုပ်စု၏ စွပ်စွဲချက်အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU) က တုံ့ပြန်ငြင်းဆိုလိုက်ပြီး ၎င်းတို့၏ နယ်မြေအတွင်းရှိ ကျားဖြန့်နှင့် ဆက်စပ်ရာဇဝတ် မှုများကို ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုက နှိမ်နင်းခဲ့ရာတွင် အခကြေးငွေယူ၍ အကာအကွယ်ပေးထားသည့် KNLA နှင့် PDF တပ်ဖွဲ့များနှင့် နှစ်ပတ်တာ တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်ထားသော မီဒီယာများမှတစ်ဆင့် ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်အပေါ် အခြေအမြစ်မရှိသည့် ပြောဆိုမှုအဖြစ် ကေအဲန်ယူက တုံ့ပြန်ရှုတ်ချထားပြီး ကျောက်ခက်နှင့် ၃၆ မိုင်ဝေးသည့် ဖလူးလေးအနောက်ခြမ်းရှိ ကျားဖြန့်လုပ်ငန်းများစွာအနက် နေရာတစ်ခုကိုသာ စစ်အုပ်စုက ဟန်ပြနှိမ်နင်းခြင်းဖြစ်ကြောင်း ထောက်ပြသည်။

ကေအဲန်ယူ၏ မြေပြင်အချက်အလက်များအရ အဆိုပါနေရာကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ထိန်းချုပ်ထားပြီး ၂၀၂၅ ခုနှစ် နှောင်းပိုင်းကတည်းက ရွှေကုက္ကိုလ်နှင့် KK Park ဘက်မှ ကျားဖြန့်များ ရွှေ့ပြောင်းအခြေချနေကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျောက်ခက်ဒေသကို အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူ DKBA ခေါင်းဆောင် ဗိုလ်ချုပ်စိုင်းကျော်လှက ကွပ်ကဲနေပြီး ကျောက်ခက်ရှိ 'ထိုက်ချန်' အမည်ရ ငွေလိမ်ခြံဝန်းမှာ သတင်းပေးမှု အတွက် ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းအထိ ထုတ်ပြန်ခံထားရကာ အမေရိကန်ဘက်က နှိမ်နင်းရန် အလိုရှိနေ သည့်နေရာ ဖြစ်သည်။

ယင်းအချက်အပေါ် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံတကာအာရုံစိုက်ခံနေရသည့် ကျောက်ခက်အမည်ကို အသုံးချနေခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စု၏ စွပ်စွဲချက်နှင့် ပတ်သက်၍ နိုင်ငံရေးအကဲခတ် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက “ကရင်ပြည်နယ်မှာ အွန်လိုင်းလောင်းကစား စအခြေချတာ ဘယ်အဖွဲ့လည်းဆိုတာ အားလုံးသိပြီးသား။ ဒါဟာ အရင်တုန်းက နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းဆိုတာ မမေ့ဖို့လို တယ်။ နောက်ပြီး ကေအဲန်ယူဆိုတာ လောင်းကစားနဲ့ပတ်သက်ရင် အခြေပြုလုပ်နေတဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူး” ဟု ကေအိုင်စီသို့ မှတ်ချက်ပြု ပြောဆိုသည်။

ထို့ပြင် စစ်အုပ်စု၊ DKBA နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ ကျားဖြန့်နှိမ်နင်းရေးကို အမြစ် မဖြတ်ဘဲ ဟန်ပြသာ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းအထိ လုပ်ငန်းများ ကျယ်ပြန့်လာသလို ဒေသခံများ ထံမှ မြေယာအတင်းအဓမ္မ ဝယ်ယူခြင်းနှင့် လူနေမှုဘဝလုံခြုံရေးများပါ ခြိမ်းခြောက်ခံနေရကြောင်း ကေအဲန်ယူ က ဆိုသည်။

ထို့ကြောင့် ကေအဲန်ယူ အုပ်ချုပ်နယ်မြေများအတွင်း ကျားဖြန့်အပါအဝင် ဆက်စပ်ရာဇဝတ်မှုလုပ်ငန်းများကို ရာဇဝတ်ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မြေယာကိစ္စများနှင့် ပတ် သက်၍ သက်ဆိုင်ရာ ကေအဲန်ယူ တာဝန်ရှိသူများထံ တိုင်ကြားကြရန် တိုက်တွန်းထားသည်။

အလားတူ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက် မြေပြင်တွင် တကယ်အလုပ်လုပ်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် စစ်အုပ်စု၏ ဟန်ပြလုပ်ရပ်များကို စိစစ်ကြရန် ကေအဲန်ယူက တောင်းဆိုထားသည်။

July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...
July 30, 2026
ကရင်ပြည်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...