ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင် မွန်၊ ပအိုဝ်း၊ ဗမာနှင့် နွေဦးတော်လှန်ရေးအခြေပြု အင်အားစုများကို တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း ဇူလိုင် ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ဇူလိုင် တတိယပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ် ကောင်စီ များ၊ လွှတ်တော်ကော်မတီများနှင့် နွေဦးတော်လှန်ရေးအင်အားစုများကို SCEF က သီးခြားစီဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ အစည်းအဝေးများ ပြုလုပ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံမှုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအကြား စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် PDF များကို လက်နက်ချအလင်းဝင်ရန် သွေးခွဲကြိုးပမ်းသည့် ဗျူဟာ များကြားတွင် အားတက်စရာ ဖြစ်လာကြောင်း လေ့လာသူများက ထောက်ပြကြသည်။
တဖက်တွင်လည်း အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ကို ဇူလိုင် ဒုတိယပတ်အတွင်း SCEF က တွေ့ဆုံကာ မြန်မာနိုင်ငံအနေဖြင့် တရားဝင် နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုများ စတင်နိုင်သည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း အသိပေးခဲ့မှုအပြီး ယခုကဲ့သို့ တော်လှန် ရေးအင်အားစုများကို ဆက်လက် တွေ့ဆုံလာခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆေးအစည်းအဝေးအတွင်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် လိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက မွန်ပြည်ရှိ တော်လှန်ရေးအင်အားစုများ အနေဖြင့် SCEF တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါက နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများကို လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်း သံလွင်တိုင်းမ်သို့ ပြောသည်။
“ရှေ့ဆက်ပူးပေါင်းတဲ့ လုပ်ငန်းတွေကတော့ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ တကယ်လို့ အဖွဲ့ဝင်ဖြစ်ခဲ့သည်ရှိ သော် SCEF မှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းပြီး ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကတော့ စစ်ရေးပါမယ်၊ နိုင်ငံရေးပါမယ်၊ ဘဏ္ဍာရေးပါမယ်၊ ဖက်ဒရယ်ရေးရာ စတဲ့ နိုင်ငံရေးကိစ္စတွေ ပါမှာပေါ့။ အဓိက ကျွန်တော်တို့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို SCEF မှာ ရှိတဲ့ Member အဖွဲ့ဝင်တွေနဲ့ အတူ လုပ်ဆောင်သွားဖို့ပေါ့။ ဒါတွေကိုတော့ ကျွန်တော်တို့ အဲဒီမှာ ဆွေးနွေးခဲ့တာ ရှိပါတယ်။”
လက်ရှိတွင် မွန်ပြည်အတွင်းရှိ တော်လှန်ရေးအစုအဖွဲ့များ အားလုံး တစ်စုတစ်စည်းတည်းဖြင့် SCEF တွင် ပြည်နယ် ကိုယ်စားပြုအဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းနေသလို အချင်းချင်းလည်း ချိတ်ဆက်လုပ်ဆောင်နေလျက် ရှိကြောင်း နိုင်မွန်စိုင်းက ဆက်ပြောသည်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း SCEF သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အပါအဝင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ (MSCC) နှင့် မွန်ပြည်နယ် လွှတ် တော် ကိုယ်စားပြုကော်မတီ (CRMH) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
SCEF သည် ဇူလိုင် ၁၇ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသရှိ အစိုးရ နှင့် လွှတ်တော်မှ တာဝန်ရှိသူများကို စတင်တွေ့ဆုံခဲ့ပြီးနောက် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တာဝန်ရှိသူများနှင့်လည်း ဇူလိုင် ၂၀ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ် တော် (ULA/AA) တို့နှင့်လည်း ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။
ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် SCEF တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရာတွင် ရခိုင်ပြည်အတွင်း ကြုံ တွေ့နေရသည့် ရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင် ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ တွေ့ဆုံမှုများမှတစ်ဆင့် SCEF တွင် ပူးပေါင်းပါဝင်မှုများ ရှိလာမည်ဆိုပါက နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် ပိုမိုတွန်းအားဖြစ်စေနိုင်ပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ အားတစ်ရပ် ဖြစ်စေမည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။
“တကယ်လို့ ပူးပေါင်းပါဝင်မှုသာ ရှိမယ်ဆိုရင်တော့ နွေဦးတော်လှန်ရေးက အောင်မြင်ဖို့အတွက် ၇၀ /၈၀ ရာ ခိုင်နှုန်းလောက်အထိ ပြီးစီးဖို့ တက်သွားတဲ့ အနေအထားမျိုးပေါ့။ စစ်အုပ်စုက စစ်ရေးအရ အသာစီးရချင် သလိုလို ဖြစ်နေတဲ့အချိန်အခါရယ် ပြီးရင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကို သံတမန်ရေးအရ အားကောင်းသယောင် ဖောက်ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုအချင်းချင်း တွေ့ဆုံမှုဆို တဲ့ အားတစ်ရပ်က ကျန်တဲ့ မြေပြင်တော်လှန်ရေးအဖွဲ့တွေ အားလုံး အားတက်စေမယ့် အချက်လို့ ပြောရမှာ ဖြစ်ပါဗျ။”
ဖက်ဒရယ်ဦးဆောင် ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့်အတူ တိုင်းရင်းသားမဟာမိတ်များဖြစ်ကြသော KIO၊ KNU၊ CNF နှင့် KNPP တို့က ယခုနှစ် မတ်လနှောင်းပိုင်းတွင် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
SCEF ၏ အဓိက ရည်မှန်းချက်မှာ စစ်တပ်၏ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်စေပြီး ပဋိပက္ခများကို ဖြစ်ပေါ် စေသည့် အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည် ဆောက်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ရန် ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။







