ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သော "ကော်သူးလေ ကရင်ပြည်" တည်ထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းသည်။
ဇွန်လ (၁၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကော်သူးလေနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရ "ကော်သူးလေ" ပေါ်ထွန်းလာစေရန်အတွက် ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲနေသော နိုင်ငံရေးခြေအနေများကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌက ထောက်ပြထားသည်။
ကရင်လူမျိုးများအပါအဝင် ပြည်သူလူထု လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုးတက်ကြီးပွားရန် အုပ်ချုပ်ရေးနှင့်ပြည်သူသူ့ရေးရာစီမံခန့်ခွဲရေးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူကြရမည်ဖြစ်ပြီး အခန်းကဏ္ဍအသီးသီးရှိ လူငယ်မျိုးဆက်သစ်များကိုမွေးထုတ်ကြရမည်ဟု ဆိုသည်။
ထို့အတူ ကေအဲန်ယူဦးဆောင်ဖွဲ့စည်းထားသော တော်လှန်ရေးကာလ ကော်သူးလေအုပ်ချုပ်ရေးကောင်စီနှင့် အတိုင်ပင်ခံကောင်စီတို့ဖြင့်လည်း ကောင်းမွန်သောခေါင်းဆောင်မှု၊ စီမံအုပ်ချုပ်မှု၊ လူထုလုံခြုံရေး၊ စီးပွားရေး စသည်တို့ကိုအခြေခံပြီး ကော်သူးလေ တည်းဟူ၍ အသိအမှတ်ပြုမှုတည်ဆောက်သွားရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ပြည်သူလူထုအနေဖြင့်လည်း ကော်သူးလေနှင့် ကော်သူးလေအစိုးရကိုတောင်းယူခြင်းမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်နယ်မြေသတ်မှတ်ခြင်း၊ လက်ခံအသိအမှတ်ပြုခြင်းဖြင့် တည်ဆောက်နေကြခြင်းလည်း ရှိသည်။
သို့ရာတွင် လက်ရှိနိုင်ငံရေးနှင့်လူမျိုးအခြေအနေဖြင့် ကိုက်ညီပြီးလက်တွေ့ကျသည့် ကော်သူးလေတည်ဆောက်မှုရှိရန် လိုအပ်သည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ထည့်သွင်းထောက်ပြသည်။
ကရင့်လက်နက်ကိုင်တော်လှန်ရေးစတင်ချိန် ၁၉၄၉ ခုနှစ်တွင် စစ်ရေးအရအောင်မြင်မှုများရှိခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်း အားနည်းနေမှုအပေါ် လိုအပ်ချက်အရ ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့က တောင်ငူမြို့တွင်ပြုလုပ်ခဲ့သောအစည်းအဝေးမှ ကော်သူးလေအစိုးရ ကို စတင်ဖွဲ့စည်းခဲ့သည်။
ကော်သူးလေအစိုးရ စတင်ဖွဲ့စည်းလိုက်သည့် ထိုနေ့ကိုအစွဲပြုပြီး ကော်သူးလေနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြရာ ကေအဲန်ယူနယ်မြေများတွင် ယနေ့ထက်ထိ လက်ဆင့်ကမ်းကျင်းပလာခဲ့ကြခြင်းဖြစ်သည်။







