DKBA ကျွန်းတောစခန်းသို့ စစ်အုပ်စု လက်နက်ကြီးကျ၍ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရ

DKBA ကျွန်းတောစခန်းသို့ စစ်အုပ်စု လက်နက်ကြီးကျ၍ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅) ကျွန်းတောစခန်းကို ညနေပိုင်းက စစ်အုပ်စုတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး တပ်မိသားစုဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း DKBA နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များက ပြောသည်။

ဩဂုတ်လ ၁၇ ရက် (ယမန်နေ့)၊ ညနေ ၆ နာရီဝန်းကျင်တွင် လက်နက်ကြီး ၃ လုံး ကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျွန်း တောစခန်းဝင်းအတွင်းရှိ တပ်ဖွဲ့ဝင်များ နားနေဆောင်ဘက်သို့ ၂ လုံး၊ တပ်ရင်းနေရာသို့ ၁ လုံး ထိမှန်ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်။

DKBA ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက "ညနေပိုင်းတပ်ဝင်းထဲမှာ ထမင်းစားပြီးချိန် ရဲဘော်ဆောင်ဘက်ကိုနှစ်လုံးကျတာ။ တစ်လုံးက တပ်ရင်း အပြင်ဘက်နေရာကိုကျတယ်၊ အဲဒီမှာရဲဘော်တွေထိတာ။ တပ်မိသားစုထဲမှာဆို အယောက်(၂၀) ဝန်းကျင်လောက် ဒဏ်ရာရတယ်၊ အမျိုးသမီး တွေ‌ရော ကလေးတွေရောပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိထားသူများကို DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးထားသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဖလူး-မင်းလက်ပံဘက်ရှိ စစ်အုပ်စုတပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း DKBA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

ယခုကဲ့သို့ လက်နက်ကြီးကျရောက်၍ တပ်ဖွဲ့ဝင်နှင့် တပ်မိသားစုများ ထိခိုက်သေဆုံးမှုအပေါ် နယ်မြေတာဝန်ရှိသူ DKBA ဗိုလ်ချုပ် စောဆန်းအောင် အပါအဝင် DKBA ပြောခွင့်ရပုဂ္ဂိုလ်များအား ကေအိုင်စီက ဖုန်းဆက် မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

လတ်တလောတွင်မူ ကျွန်းတောတပ်စခန်းအနီးရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များသည် လက်နက်ကြီး အန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ အရေးပေါ် ရှောင်တိမ်းနေထိုင်နေကြရသည်။

ပလောတပို့စခန်းမှ အမျိုးသမီးတစ်ဦးက “ကျမတို့နေရာနဲ့က ဟိုဘက်ဒီဘက်ပဲဆိုတော့ အရမ်းနီးတယ်လေ။ ပြီးတော့ စစ်တပ်ကရှေ့တိုးလာမှာလား၊ လက်နက်ကြီးရော ဆက်ကျလာမလား ဆိုတာ မသိရဘူး။ အဲ့ဒီမှာ လည်း DKBA ကလူတွေ ထိတယ် သေတယ်လို့ကြားတယ်” ဟု ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် လက်ရှိတွင် အဆိုပါ DKBA ကျွန်းတောတပ်စခန်း ဝန်းကျင်၌ တပ်ဖွဲ့ဝင်များ လုံခြုံရေး တိုးမြှင့်ချထားကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။

ထိုင်းနယ်စပ်အနီးတွင် ဖြစ်ပွားနေသည့် မြဝတီတောင်ပိုင်း၊ ဖလူး-ဝေါလေ တိုက်ပွဲအတွင်း စစ်ကြောင်းထိုးလာ သော စစ်အုပ်စုတပ်ဖွဲ့များကို KNLA နှင့် ပူးပေါင်းတပ်များက ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲအရှိန် ဆက်လက် ပြင်းထန်နေခြင်း ဖြစ်သည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...