ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့် ဒေသတွင်း သတ္တုတွင်းပြဿနာများကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ကော်သူးလေ တရားမျှတမှုဖိုရမ်တွင် ဆွေးနွေးကာ ဘုံသဘောတူညီချက် ရရှိခဲ့ကြကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖိုရမ်ကို ကော်သူးလေဒေသအတွင်း တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး အားကောင်း လာစေရန်၊ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လူထုအတွက် လက်တွေ့ ကျသည့် ဖြေရှင်းနည်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနေသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်လာနေသဖြင့် ဒေသခံလူထုအနေဖြင့် အဆိုပါ ရာဇဝတ်မှုလုပ်ငန်းများကို ပုံမှန်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လက်ခံလာနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထိုသို့လုပ်ဆောင်မှုများကြောင့် လူထုကြား အန္တရာယ်ရှိလာနိုင်ရုံမက လူထုလုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေးအပေါ် ရိုက်ခတ်မှုရှိလာနိုင်သဖြင့် ဖိုရမ်အတွင်း အွန်လိုင်းငွေလိမ်လည်မှုကိစ္စကို အလေးအနက်ထား ဆွေးနွေးခဲ့ကြကြောင်း ကေအဲန်ယူ ဗဟိုတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးက ပြောသည်။
ပဒိုနော်လွဲထူးစေးက “ဖိုရမ်အတွင်းမှာ အွန်လိုင်းငွေလိမ်မှုတစ်ခုတည်းကိုပဲ သီးသန့်ဦးတည်ခဲ့တာတော့ မဟုတ်ဘူး။ စီးပွားရေးအခြေအနေနဲ့ တရားဥပဒေစိုးမိုးရေးကြားမှာ အပြန်အလှန် သက်ရောက်မှုတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ အဲဒီဆွေးနွေးမှုကြားမှာ အွန်လိုင်းငွေလိမ်မှုကိစ္စဟာ လက်ရှိ အချိန် စီးပွားရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တဲ့အတွက် အထူးလေးထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် သတ္တုတွင်းလုပ်ငန်းများသည် လူထုအပေါ် ထိခိုက်နစ်နာမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် သတ္တုတွင်း လုပ်ငန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို လူထုပါဝင်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အခြေခံ၍ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်းလည်း ပဒိုနော်လွဲထူးစေးက ဖြည့်စွက်ပြောကြားသည်။
“သတ္တုတွင်းကိစ္စကို စီးပွားရေးသက်သက် ရှုထောင့်တစ်ခုတည်းက မကြည့်ဘဲ လူထုစီးပွားရေး၊ သဘာဝ သယံဇာတ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတဲ့ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး တည်ဆောက်ရာတွင် လူထုပါဝင်မှုသည် အရေးကြီးကြောင်း အသိအမှတ်ပြုကာ ဖိုရမ်တက်ရောက်သူများက တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး အားကောင်း စေရေး၊ လူထုအခွင့်အရေးနှင့် လုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး၊ မြေယာ၊ သဘာဝသယံဇာတနှင့် စီးပွားရေးစီမံခန့်ခွဲမှု၊ အမျိုးသမီး၊ လူငယ်နှင့် ပိုမိုထိခိုက်လွယ်သော အုပ်စုများ၏ ပါဝင်မှု၊ ညှိနှိုင်းဆောင် ရွက်ခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အချက် (၆) ချက်ကို လုပ်ဆောင်သွားရန် သဘောတူလက်ခံခဲ့ကြသည်ဟု ဖိုရမ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သုံးရက်တာကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ကော်သူးလေတရားမျှတမှုဖိုရမ်သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟို၊ ခရိုင်နှင့် ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကော်သူးလေ အတိုင်ပင်ခံကောင်စီ လူမျိုးစုခေါင်းဆောင်များ၊ ကော်သူးလေအုပ်ချုပ်ရေးကောင်စီကိုယ်စားလှယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)၊ လူထုအခြေပြု ကရင့်အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၇၇) ဦး တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။







