မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတား ပြန်ဖွင့်

မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတား ပြန်ဖွင့်
Photo: กิตติศักดิ์ บุญจันทร์ FB
Photo: กิตติศักดิ์ บุญจันทร์ FB

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက် နံနက်ပိုင်းတွင် စမ်းသပ်ဖွင့်လှစ်သည့်အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ကုန်ကားအချို့ မြန်မာနိုင်ငံဘက်သို့ စတင်ဝင်ရောက်ခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

တံတားပုံမှန်ပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာဘက်ခြမ်းမှ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ယင်းနေ့နံနက်ပိုင်းတွင် မြန်မာပြည်ဘက်မှ ကုန်ပစ္စည်းများ သွားရောက်သယ်ဆောင်ရန်အတွက် ထိုင်းဘက်မှ ကုန်ကားအချို့ကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်အရ သိရသည်။

အမှတ် (၂) တံတား၌ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ထိုင်းအာဏာပိုင်တစ်ဦးက “ အပြည့် အဝတော့ ဖွင့်တာမဟုတ်သေးဘူး။ အစမ်းအနေနဲ့ မနက်တစ်ခေါက်၊ ညနေတစ်ခေါက် ပေးသွားမယ်။ အပြည့်အဝမဖွင့်သေးတာကလည်း နှစ်နိုင်ငံကြားမှာ လိုအပ်ချက်တွေ ရှိနေသေးလို့ပါ။ စစချင်းဖွင့်တာဆိုတော့ အဆင်ပြေမှုအပြည့်အဝ မရှိနိုင်သေးဘူး။ တဖြည်းဖြည်းချင်းတော့ အဆင်ပြေသွားအောင် လုပ်ဆောင်သွားမှာပါ” ဟု ဖြေကြားသည်။ 

ထို့အပြင် ထိုင်းဘက်မှ ကုန်ကားများ ဝင်ရောက်နိုင်ရန်အတွက် ယနေ့နံနက်တွင် မြန်မာဘက်ခြမ်းမှ တံတားဂိတ်ကို ဖွင့်လှစ်ပေးထားသော်လည်း အများပြည်သူသို့ တရားဝင်အသိပေး ကြေညာထားခြင်းမျိုး မရှိသေးကြောင်း မြဝတီမြို့ခံတစ်ဦးက ဆိုသည်။

“ဒီမနက် မြန်မာဘက်မှာ ဂိတ်ဖွင့်တယ်။ ဒါပေမဲ့ တိုးတိုးတိတ်တိတ်ပဲ စမ်းသပ်ဖွင့်ကြည့်တာ။ ထိုင်းဘက်က ကုန်ကားကြီး ၃ စီးလောက် ပြောင်းဖူးတွေလာတင်ဖို့ ဆင်းလာမယ်လို့ ကြားတယ်။ ထိုင်းကုန်ပစ္စည်းတွေ သယ်လာတဲ့ကားတော့ မတွေ့ရသေးဘူး” ဟု အဆိုပါ မြဝတီမြို့ခံက ကေအိုင်စီသို့ ပြောသည်။

အမှတ် (၂) ကုန်သွယ်ရေးတံတား အချိန်ပြည့် ပြန်လည်ဖွင့်လှစ်မည့်ရက်နှင့် ပတ်သက်၍ မြန်မာဘက်ခြမ်းက ပြည်သူလူထုထံ သတင်းအတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ကုန်သည်များကိုမူ ပို့ကုန်/သွင်းကုန်လိုင်စင်များ ကြိုတင်လျှောက်ထားကြရန် ပြီးခဲ့သည့်လများကတည်းက အကြောင်းကြား နှိုးဆော်ထားမှုများရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် အဓိက အသုံးပြုသည့် မြဝတီ-မဲဆောက် အမှတ်(၂) ကုန်သွယ်ရေးတံတားကို နယ်စပ်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဩဂုတ်လကည်းက မြန်မာဘက်ခြမ်းမှ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...