မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့် နယ်ခြားမှတ်တိုင်အနီးတွင် စစ်အုပ်စုတပ်ဖွဲ့ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ထံမှ သိရသည်။
မေလ ၁၄ ရက် နံနက် ၉ နာရီ ၄၂ မိနစ်အချိန်တွင် နတ်မောက်မှ ရမည်းသင်းမြို့နယ်ဖက်ဘက်သို့လာသည့် စစ်အုပ်စုတပ်၏ ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဦးစီးတပ် ၏ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။
၎င်းက “ မိုင်း ငါးလုံး နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းတွင် ကား လေးစီး၊ ထွန်စက် တစီး၊ ဆိုင်ကယ် ၁၀ စီးအပြင် ခြေလျင်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လမ်းတလျှောက်တွင်လည်း ဒရုန်းများဖြင့် ဗုံးသီးများကြိုတင်ကြဲချကာ လမ်းကြောင်းရှင်းခြင်းနှင့် ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဦးစီးတပ် က ဆိုသည်။
ထိုသို့ ဗုံးသီးများ ကြဲ၍ လမ်းရှင်းနေသည့် စစ်အုပ်စုတပ်စစ်ကြောင်းကိုမိုင်းဆွဲ တိုက်ခိုက်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်ခဲ့ရပြီး ယာဉ်တန်းနှင့် စစ်ကြောင်းများ မိုင်းကွင်းအတွင်း အပြည့်အဝ ရောက်ရှိချိန်မှသာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဦးစီးတပ်တာဝန်ရှိသူ က ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသည့် စစ်အုပ်စုတပ်သည် ဒရုန်းနှင့် ဗုံးသီး ကြဲခြင်းများ မပြုလုပ်နိုင်တော့ဘဲ ရမည်းသင်းမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် နတ်မောက်မြို့နယ်ထဲသို့ မေလ ၈ ရက်နေ့ မှ စတင်ဝင်ရောက်လာပြီးနောက် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတခုဖြစ်ကြောင်း သိရသည်။







