၂ နှစ်ကျော် ပိတ်ထားတဲ့ မြဝတီ အာရှလမ်း စစ်ကော်မရှင် ပြန်ဖွင့်

၂ နှစ်ကျော် ပိတ်ထားတဲ့ မြဝတီ အာရှလမ်း စစ်ကော်မရှင် ပြန်ဖွင့်
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ ကော့ကရိတ်-မြဝတီအာရှလမ်းကို စစ်ကော်မရှင်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အိမ်စီးကား၊ ဆိုင်ကယ်တွေ ရာနဲ့ချီ ဖြတ်သန်းသွားလာနေကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂ ရက်နေ့ မနက်အစောပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းဖွင့်ပွဲကို စစ်ကော်မရှင်က ဘားအံမြို့နယ် တံတာဦးကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကနေ ကော့ကရိတ်မြို့အထိ သံဃာတော်တွေက ပရိတ်ပဌာန်းရွတ်ဖတ်ပြီး လမ်းဖွင့်ပွဲပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာရှလမ်းပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဒီကနေ့မှာပဲ အိမ်စီးကားငယ်တွေ၊ ဆိုင်ကယ်တွေ အစီးရေ ၃၀၀ ခန့် အာရှလမ်းပေါ်မှာ ဖြတ်သန်းသွားလာအသုံးပြုနေကြပြီး ကုန်တင်ယာဉ်ကြီးတွေကိုတော့ လတ်တလောမှာ ဖြတ်သန်းသွားလာခွင့် မပြုသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ကော့ကရိတ်-မြဝတီအာရှလမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး သွားရလာရအဆင်ပြေတဲ့အပေါ် ဝမ်းသာမိကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးကပြောပြီး စစ်ကော်မရှင်က အာရှလမ်းပြန်ဖွင့်ပေမယ့် မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အာရှလမ်းတစ်လျှောက်မှာ စစ်ကော်မရှင်တပ်တွေက လုံခြုံရေးယူထားပြီး ကော့ကရိတ်မြို့မြောက်ဘက် မိဖာလဲ အောက်ဘိုတဲ ဒေါနတောင်ပေါ်လမ်းဟောင်းတွေဘက်မှာတော့ တော်လှန်ရေးအင်အားစုနဲ့ စစ်ကော်မရှင်တပ်တို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲတွေဟာ မတ်လကုန်အထိ ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်း ပိတ်ထားခဲ့ရချိန် ပြည်သူတွေဟာ ထို့ကော်ကိုးတောင်ပေါ်လမ်း ၁၀၁၈ တောင်ပေါ်လမ်းနဲ့ ကြက်ဥတောင်ပေါ်လမ်းတွေမှာ ကုန်ကျစရိတ်များပြားစွာနဲ့ သွားလာနေခဲ့ရတာပါ။

အခုအခါမှာတော့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေ ထိန်းချုပ်တဲ့ တောင်ပေါ် လမ်း ၃ လမ်းမှာ ခရီးသွားကား၊ ကုန်တင်ကားတွေအားလုံး သွားလာခွင့်တွေကို စစ်ကော်မရှင်က ပိတ်လိုက်မှာဖြစ်ပြီး အာရှလမ်းတစ်လမ်းတည်းကိုသာ အသုံးပြုရမှာဖြစ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်တပ်က ကော့ကရိတ်မြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသက ကျေးရွာတွေအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့ရာ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေပြီး ဘာသာရေးအဆောက်အဦးနဲ့ အိမ်တွေလည်း အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...
March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...