သစ်တောများကောင်းမွန်ရေး ဌာနေလူမျိုးစုများ၏ပူးပေါင်းဆောင်ရွက်မှု လို

သစ်တောများကောင်းမွန်ရေး ဌာနေလူမျိုးစုများ၏ပူးပေါင်းဆောင်ရွက်မှု လို

သစ်တောများတိုးတက်ကောင်းမွန်ရန်နှင့် ထိန်းသိမ်းကာကွယ်ရန် ဌာနေတိုင်းရင်းသားများ၏ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ကြောင်း မတ်လ(၂၁)ရက်နေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် ကေအဲန်ယူ-ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းက တိုက်တွန်းပြောဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောဌာန-ဗဟိုနယ်မြေတွင် ယနေ့ပြုလုပ်သွားသော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားတွင် သစ်တောများကောင်းမွန်ရန် သစ်တောဌာန၏စီမံချက်များနှင့်အညီ ဌာနေလူမျိုးစုများမှ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ထိန်းသိမ်းကာကွယ်ရေး ပြုစုပျိုးထောင်ရေး စီမံအုပ်ချုပ်ရေးပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့လိုတယ်။ သစ်တောဌာနမှာလည်း ဌာနေတိုင်းရင်းသားတွေနဲ့ပူးပေါင်းမှုအားကောင်းအောင် စီမံချက်တွေရှိတယ်။ ကျေးရွာပိုင်သစ်တောဖွဲ့စည်းပေးတာ၊ သစ်တောထိန်းအဖွဲ့တွေဖွဲ့စည်းတာတွေမှာ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။” ဟု ပဒိုမန်းဘထွန်းက ပြောသည်။

ကေအဲန်ယူသစ်တောဌာနက ဦးဆောင်ပြီး ပြုလုပ်သွားသော အဆိုပါအခမ်းအနားကို ကော်သူးလေစံတော်ချိန် မနက်(၉)နာရီမှာ စတင်ပြုလုပ်ခဲ့ပြီး ပဒိုမန်းဘထွန်းအပါအဝင် အခမ်းအနားတက်ရောက်လာသည့် ကေအဲန်ယူခေါင်းဆောင်အချို့ကလည်း သစ်တောများနေ့ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့အပြင် အစီအစဥ်တွင် သစ်တောဌာနအဖွဲ့ဝင်များနှင့် ကရင်လူငယ်များက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာနေလူမျိုးစုများ၏လူနေမှုဘဝ၊ ရာသီဥတုပြောင်းလဲခြင်းအပြင် တော်လှန်ရေးနှင့်သစ်တောများကိုထိန်းသိမ်းကာကွယ်ပုံ ဆက်စပ်မှုရှိခြင်းတို့ကိုလည်း အသီးသီးပြောကြားသွားသည်။

ကရင်လူငယ်ခေါင်းဆောင် စောဖိုးထူးက “ကျနော်တို့ရဲ့ နေ့စဥ်လုပ်ငန်းလုပ်ဆောင်တာအားလုံးအတွက် သစ်တောနဲ့ရေက အရမ်းအရေးကြီးတယ်။ သစ်ပင်တစ်ပင် ပြုစုပျိုးထောင်ရတာမလွယ်ဘူး။ ခုတ်လိုက်တဲ့အချိန်မှာတော့ ဒီတိုင်းပဲခုတ်လိုက်တာပဲ။ ပြန်လည်ဖြည့်ဆည်းနိုင်တယ်ဆိုရင်တောင် အကန့်အသတ်ရှိတယ်။ သစ်တော၊ သစ်ပင်တစ်ပင်ချင်းဆီရဲ့ တန်ဖိုးကိုသိစေချင်၊ ပြုစုပျိုးထောင်စေချင်တယ်” ဟု အခမ်းအနားတွင်ပြောသည်။

ယခုနှစ် ကေအဲန်ယူ သစ်တောဌာန(ဗဟို)နေရာတွင် ပထမဆုံးအကြိမ်ပြုလုပ်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကေအဲန်ယူသစ်တောဌာန ခေါင်းဆောင်နှင့်အဖွဲ့ဝင်များအပြင် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုနော်ဒါးဒါးနှင့် ကရင်လူငယ်များ စုစုပေါင်း လူပရိတ်သတ်(၅၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှ တရားဝင်ဆုံးဖြတ်ချက်ချမှတ်သတ်မှတ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ၂၀၁၃ ခုနှစ်မှစတင်ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နှစ်စဉ် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

ကေအဲန်ယူအနေဖြင့်လည်း သစ်တောဌာနမှဦးဆောင်၍ ၂၀၁၇ ခုနှစ်မှ ဇူလိုင်လ(၁)ရက်နေ့ကို ကော်သူးလေသစ်ပင်စိုက်နေ့အဖြစ် သတ်မှတ်ခြင်းရှိခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ကေအဲန်ယူကွန်ဂရက်မှ ပြောင်းလဲသတ်မှတ်ချက်အရ ဇူလိုင်တစ်လလုံးအား ကော်သူးလေ၏စုပေါင်းသစ်ပင်စိုက်လ အဖြစ် ထားရှိ၍ နှစ်တိုင်း ကျင်းပလျက်ရှိသည်။

March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
March 18, 2026
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇)...