အကြမ်းဖက်ပုဒ်မဖြင့် ထောင်ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြု

အကြမ်းဖက်ပုဒ်မဖြင့် ထောင်ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြု

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ပြီး အဆိုပါပုဒ်မများဖြင့် တရားစွဲခံထားရသူ ၁၂, ၄၈၇ ဦးတို့၏ အမှုပေါင်း ၉၀၀၀ ကျော်ကို အမှုပိတ်လိုက် ကြောင်း အာဏာသိမ်း စစ်ကော်မရှင်က ကြေညာသည်။

ယနေ့ မတ်လ ၂ ရက်၊ တောင်သူလယ်သမားနေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က)အရ ထောင်ဒဏ် ချမှတ်ခံထားရပြီး အကျဉ်း ထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇, ၃၃၇ ဦးတို့ကို ပြစ်ဒဏ်များ လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု လိုက်ကြောင်းလည်း စစ်ကော်မရှင်က ထုတ်ပြန် သည်။

ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာ ထောက် ထားမှုဖြင့် ၎င်းတို့ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က)တို့အပြင် ယင်းပုဒ်မများဖြင့် တိမ်းရှောင် နေသူများ အတွက် ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲခံထားရသူ ၁၂, ၄၈၇ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉, ၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှ လွှတ်လိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလုပ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် ၎င်းတို့သည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြဏ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၀ ဦးကိုလည်း ပြစ်ဒစ်များ လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု သိရသည်။

ယနေ့ မတ်လ ၂ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်စေသော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှု၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်များ အက်ဥပဒေများအရ ပြစ်မှုများ၊ မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ပြစ်ဒဏ်ကျခံလျက်ရှိ သော အကျဉ်း သား၊ အကျဉ်းသူများကို ၎င်းတို့ ကျခံရန် ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု သိရသည်။

February 28, 2026
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ်...
February 27, 2026
ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ...
February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...