ဟားခါးတွင် တော်လှန်ရေးအမည်ခံ ခိုးဆိုးလုယက်သူများကို အရေးယူမည်ဟု CDF သတိပေး

ဟားခါးတွင် တော်လှန်ရေးအမည်ခံ ခိုးဆိုးလုယက်သူများကို အရေးယူမည်ဟု CDF သတိပေး

ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု များဖြင့် ခိုးဆိုးလုယက်မှုများ ကျူးလွန်နေသည့် လူငယ်အုပ်စုများ ရှိနေကြောင်း ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အများပြည်သူကို အနှောင့်အယှက်ပေးနေသည့် ဒုစရိုက်သမားများကို စုံစမ်းဖမ်းဆီး၍ ပြင်းထန်စွာ အရေး ယူ ဆောင်ရွက်သွားမည်ဟု အဆိုပါအဖွဲ့က ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားခြင်း ဖြစ် သည်။

ထုတ်ပြန်ချက်အရ လက်ရှိ ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) သို့မဟုတ် ချင်းလန်းကာကွယ် ရေးတပ်ဖွဲ့ (CDF-Hakha) တို့၏ အမည်ကို အလွဲသုံးစားပြု၍ သေနတ်နှင့် ဗုံးအတုများကို ကိုင်ဆောင်လှုပ်ရှားနေ သည့် လူငယ်အများအပြား ရှိနေသည်။

၎င်းတို့သည် အုပ်စုဖွဲ့ လှည့်လည်ကာ နေအိမ်များကို ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူ များကို ရိုက်နှက်နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်အချို့လည်း ပါဝင်နေပြီး ရိုက်နှက်ခိုးယူရန် အခွင့်အရေး ရှာဖွေနေ ကြသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအရ အလွန်ပင် စိုးရိမ်ပူပန်မှုများနှင့် အနှောင့်အယှက်များ ဖြစ် ပေါ်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက “ကျမလက်လှမ်းမီတဲ့ ရပ်ကွက် ချင်းဦး စီးတို့၊ ပြည်တော်သာ ဘက်မှာဆိုရင်တော့ သိပ်မကြားမိသေးဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာ ဘယ်လိုရှိလဲ ဆိုတာတော့ မပြောတတ်ပါဘူးပေါ့နော်။ အခုလို သတိပေးချက်တွေထွက်လာတယ်ဆိုတော့ တခုခုရှိလို့ဖြစ်မှာ ပါ။ ဒေသခံတွေအနေနဲ့ မပေါ့ဆဖို့တော့လိုတယ်၊ သတိထားရမယ်” ဟု ပြောသည်။

အဆိုပါ တော်လှန်ရေးအမည်ခံ၍ ဒုစရိုက်ကျူးလွန်နေသူများကို ဥပဒေအတိုင်း ပြင်းထန်စွာ ဒဏ်ခတ်သွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း လိုက်လံစုံစမ်း ရှာဖွေလျက်ရှိရာ ဖမ်းဆီးရမိပါက CNA အမည်ကို သုံးစွဲထားသူများ ဖြစ်ပါက CNA ထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး CDF အမည်ကို သုံးစွဲထားသူများဖြစ်ပါက CDF-Hakha မှ ကိုယ် တိုင် ပြစ်ဒဏ်ခတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

ဟားခါးမြို့တော်၏ လုံခြုံရေးနှင့် ဒုစရိုက်သမားများ စုဝေးရာမဖြစ်စေရေးအတွက် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို စနစ်တကျ စောင့်ကြည့်ရန်နှင့် ရပ်ကွက်အတွင်းရှိ စည်းကမ်းရှိသော လူငယ်များနှင့် ပြည်သူ များ ပူးပေါင်း၍ ယင်းဒုစရိုက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးကြရန် CDF-Hakha က တောင်းဆိုထားသည်။

ထို့ပြင် CDF-Hakha အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့်လည်း တရားဝင် တာဝန်ပေး အပ်ခြင်း မရှိဘဲ မြို့အတွင်း မသမာဘဲ သွားလာနေပါက တာဝန်ယူမည်မဟုတ်သည့်အပြင် ပြစ်ဒဏ်ခတ် အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ထားသည်။

August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...