မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
စစ်တပ် အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်နေတဲ့ မိမိတို့ နိုင်ငံရှိ အမျိုးသမီးနဲ့ ကလေးသူငယ် တွေဟာ လိင်အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နေ့စဉ်နဲ့ အမျှ ရင်ဆိုင်ခံစားနေရတယ်လို့ MSFC က ဆိုပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လုံခြုံရေး စိုးရိမ်ရမှုတွေအကြား အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုးတွေနဲ့ မကျန်းမာသူတွေဟာ အများဆုံး ဒုက္ခရောက်သူတွေ ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး အပြင် ကဏ္ဍပေါင်းစုံ ယုတ်လျော့ ကျဆင်းလျက် ရှိနေတာပါ။
လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပဋိပက္ခ အခြေအနေတွေရဲ့ အရင်းခံ အကြောင်းတရားဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ယန္တရားတွေ ပျက်စီး ပြိုလဲသွားစေဖို့ အတွက် မွန်ပြည်ဖက်ဒရယ် ကောင်စီအနေနဲ့ တိုင်းရင်းသား ညီအကိုတွေ၊ ပြည်သူလူထုတွေနဲ့ အတူ တိုက်ပွဲဝင်နေတာပါ။
မွန်အမျိုးသမီးများနေ့မှာ စစ်အာဏာရှင်နဲ့ တကွ အာဏာရှင် မှန်သမျှကို စုပေါင်း တိုက်ဖျက်ကာ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို အခြေခံတဲ့ တာဝန်ခံမှု အပြည့်အဝ ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့နဲ့ အမျိုးသမီးတွေ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ပြီး တာဝန်ခံမှု အပြည့်အဝ ရယူနိုင်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိ တောင်းဆိုချက် နှစ်ရပ်အပြင် အမျိုးသမီးတွေ တန်းတူ ဦးဆောင် ပါဝင်နိုင်ရေးအတွက်လည်း မူဝါဒတွေမှာ ထည့်သွင်းချမှတ်ပြီး အစဉ်တစိုက် တိုက်တွန်းလျက် ရှိတယ်လို့ မွန်ပြည် ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မွန်အမျိုးသမီးတွေအနေနဲ့ လူမျိုးစု လွတ်မြောက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ မွန်ပြည်နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့မှာ နိုးကြား တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားပါတယ်။







