ထောင်တွင်းဖိနှိပ်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသူများ ဓမ္မတာမမှန်ဖြစ်နေ

ထောင်တွင်းဖိနှိပ်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသူများ ဓမ္မတာမမှန်ဖြစ်နေ

ရောင်နီ — မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် စိတ်ဖိစီးမှု အပါအဝင် ထောင်တွင်းဖိနှိပ်မှု နှင့် အာဟာရချို့တဲ့မှုများကြောင့် ဓမ္မတာဆိုင်ရာ ပြဿနာများ ကြုံနေရကြောင်း  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ထုတ်ပြန်သည်။

 

လေ့လာစောင့်ကြည့်မှုအရ နိုင်ငံရေးအကျဉ်းသူများသည် ဓမ္မတာပုံမှန်မလာဘဲ တချို့သည် သုံးလ (သို့မဟုတ်) ခြောက်လအထိ ဓမ္မတာမလာခြင်းများကို ကြုံနေရကြောင်း  AAPP က ဆိုသည်။

 

အကျဉ်းထောင်အတွင်း အာဟာရပြည့်၀သည့် အစားအသောက်များ မစားရခြင်း၊ သံဓာတ်ချို့တဲ့ခြင်းများကြောင့် ထိုပြဿနာများ ကြုံနေရခြင်းဖြစ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများလည်း ဆက်တိုက်ခံစားနေရကြောင်း ဖော်ပြသည်။

 

အကျဉ်းထောင်များသည် အမျိုးသမီးများ၏ ဇီဝဖွဲ့စည်းပုံအရ ကျန်းမာရေးစောင့်ရှောက်မှု နှင့်ပတ်သက်၍ အထူးဖြည့်ဆည်းပေးရမည့် တာဝန်များရှိကြောင်း AAPP က ပြောသည်။

 

အမျိုးသမီးများ အတွက် လစဉ်သုံးပစ္စည်းလိုအပ်ချက်သည် အရေးကြီးသည့် ကိစ္စဖြစ်သကဲ့သို့  အမျိုးသမီးဓမ္မတာ ပုံမှန်ဖြစ်စေရန်မှာလည်း အလေး ထားရမည့်အချက်များထဲမှ တချက်ဖြစ်ကြောင်း ထောက်ပြသည်။

 

အကျဉ်းထောင်အသီးသီးရှိ အမျိုးသမီးအကျဉ်းသူများသည် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကြောင့် ကျန်း မာရေးပြဿနာများ ရင်ဆိုင်နေရပြီး အဖြစ်အများဆုံးသည် “ ဓမ္မတာထိန်ခြင်း” ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူဟောင်း CDM ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတဦးက ပြောသည်။  

 

အကျဉ်းထောင်အတွင်းရှိ  အမျိုးသမီးများ ဓမ္မတာကိစ္စကြောင့် နာကျင်ကိုက်ခဲမှုဖြစ်ပါက ဒိုင်ကလိုနှင့် ပါရာစီတမောကဲ့သို့ ဆေးဝါးများသာ ရရှိသည့်အတွက် ကျောက်ကပ်ရောဂါကိုပါ နောက်ဆက်တွဲ ခံစားနေရကြောင်း သိရသည်။

 

 နိုင်ငံရေးအကျဉ်းသူတချို့သည်လည်း ထောင်မှလွတ်မြောက်ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုခံယူခံရကာ အမျိုး သမီးရောဂါများကြောင့် ခွဲစိတ်ကုသမှု ခံယူရခြင်းများလည်း ရှိကြောင်း AAPP က ဆိုသည်။

 

အကျဉ်းထောင်ထဲ၌ “ဓမ္မတာထိန်ခြင်း” (Amenorrhea) ဝေဒနာခံစားခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူတဦးက ဆေးဝါးမလုံလောက်မှု၊ အမျိုးသမီးသီးသန့်ဆရာဝန်မရှိမှုနှင့် ပတ်သက်၍ အကျဉ်းထောင်အာဏာပိုင်များထံ တောင်းဆိုတင်ပြခဲ့သော်လည်း လိုက်လျောမှုမရှိခဲ့ကြောင်း AAPP က ပြောထားသည်။

 

အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းသူများ၏ ဝေဒနာကို ဟန်ဆောင်ခြင်း (သို့မဟုတ်) အသေးအဖွဲ့ ဟု သတ်မှတ်ကာ ပြင်ပဆေးရုံများသို့ လွှဲပြောင်းပေးရန် ငြင်းဆန်ခြင်း များရှိနေကြောင်း AAPP က ဆိုသည်။

အမျိုးသမီးအကျဉ်းသူများ လစဉ် ဓမ္မတာပြဿာနာကြုံနေရခြင်းသည် အကျဉ်းထောင်အတွင်း ဆိုးဝါးသည့် ပတ်ဝန်း ကျင်၊ ညှင်းပန်းနှိပ်စက်မှု၊ အာဟာရချို့တဲ့မှု၊ သောက်သုံးရေနှင့် လစဉ်သုံးပစ္စည်းခက်ခဲခြင်း၊ အညစ်အကြေးစွန့်စနစ်မကောင်းခြင်းတို့က ပိုးဝင်ခြင်းနှင့် ဟော်မုန်းမမျှတခြင်းကို ပိုမိုဆိုးရွားစေကြောင်း AAPP က ဆိုသည်။

အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးများကြုံတွေ့နေရသည့် ပြဿနာသည် လူ့အခွင့်အရေးချိုးဖောက်မှု သာမက ရေရှည်တွင် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ပြဿနာများကြုံတွေ့နိုင်ပြီး မျိုးဆက်တခုလုံး၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အရေးကိစ္စဖြစ်ကြောင်း ဆိုသည်။

 

အမျိုးသမီးအကျဉ်းသူများကြုံတွေ့နေရသည့်  ကျန်းမာရေးပြဿနာများအား  ဖြေရှင်းပေးရန် အကျဉ်းထောင် အာဏာပိုင်များအပါအဝင် အာဏာသိမ်းစစ်ကော်မရှင်၌ အဓိကတာဝန်ရှိကြောင်း AAPP က ဆိုသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေသည့် အခြေအနေကို ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများက အလေးထားစောင့်ကြည့်ရန် လိုအပ်ပြီး သက်ဆိုင်သူများအား ပြင်းပြင်းထန်ထန် ဖိအားပေးမှုများဆောင်ရွက်ရန် AAPP က တိုက်တွန်းထားသည်။  

 

မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီး၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူပေါင်း ၂၂,၇၈၃ ဦး အနက် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း ၄,၃၀၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPP ၏ ပြုစုထားသည့် အချက်အလက်အရ သိရသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...