စစ်အုပ်စုနှင့်ပူးပေါင်းပြီး ကရင်လက်နက်ကိုင်သုံးဖွဲ့ ကတိုင်တိသို့စစ်ကူတက်

စစ်အုပ်စုနှင့်ပူးပေါင်းပြီး ကရင်လက်နက်ကိုင်သုံးဖွဲ့ ကတိုင်တိသို့စစ်ကူတက်
Photo: BGF/ PC (ပုံဟောင်း)
Photo: BGF/ PC (ပုံဟောင်း)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာရှိစစ်အုပ်စုတပ်စခန်းသို့ အကူအညီပေးရန် ကရင်နယ်ခြားစောင့်တပ်-BGF၊ ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PCနှင့် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက်DKBAတို့က စစ်အုပ်စုနှင့်ပူးပေါင်းပြီး ဖေဖော်ဝါရီလ(၁၁)ရက်နေ့က စစ်ကူတက်လာကြောင်း တပ်မဟာ(၅)ပြောခွင့်ရသူထံမှသိရသည်။

အင်အား(၂၀၀)ကျော်ပါဝင်သော အဆိုပါစစ်အုပ်စုပူးပေါင်းတပ်ဖွဲ့သည် မြိုင်ကြီးငူအနောက်ဘက် သံလွင်မြစ်တစ်ဖက်ကမ်းကိုဖြတ်ပြီး ထီးဒေါထ၊ မယ်ပလီ ၊ မယ်လမ်းနှင့် တဟေ့ခို့ ကျေးရွာဘက်သို့ဦးတည်လာသည်ဟု တပ်မဟာ(၅)ကေအဲန်ယူပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။

“သံလွင်မြစ်နဲ့ ယွန်စလင်းချောင်းကြားထဲမှာရှိတဲ့ တဟေ့ခို့၊ ကျော်ကလိုးဘက်ခြမ်း တက်လာတာကသေချာပြီး၊ အခုဘယ်အထိရောက်နေပြီလဲတော့ သတင်းမရသေးဘူး” ဟု ကေအဲန်ယူပြောခွင့်ရသူက ပြောသည်။

စစ်အုပ်စုနှင့်အတူပါလာသည့် BGFတပ်ဖွဲ့ထဲတွင် ဘက်တံဆိပ်ပြောင်းထားသော KNA-ကရင်အမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များလည်း ပါဝင်နေကြောင်းသတင်းရသော်လည်း မည်သည့် လက်အောက်ခံတပ်ရင်းကဖြစ်သည်ကို မသိရသေးကြောင်း ဒုဗိုလ်မှူးကြီးစောကလယ်ဒို့မှ ဖြည့်စွက်ပြောသည်။

ထို့အပြင် ပြည်သူလူထုက စစ်အာဏာရှင်ကိုတော်လှန်နေသည့်အချိန်တွင် ကရင်လက်နက်ကိုင်များအနေဖြင့် စစ်အုပ်စုသက်ဆိုးရှည်ရန် မကူညီသင့်ကြောင်းကိုလည်း တပ်မဟာ(၅) ကေအဲန်ယူက ဆိုသည်။

မူတြော်ခရိုင်အတွင်း စစ်အုပ်စုနှင့်ပူးပေါင်းပြီး လိုက်ပါအကူအညီပေးသည့်ကိစ္စနှင့်ပတ်သက်၍ BGF တာဝန်ရှိသူထံသို့ ကေအိုင်စီအနေဖြင့်ဖုန်းဆက်မေးမြန်းသော်လည်း အဆက်အသွယ်မရသေးပေ။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက ကတိုင်တိစစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းရှိစစ်အုပ်စုတပ်ဖွဲ့ဝင်များသည် BGF(၁၀၁၃) စခန်းဟောင်းနေရာသို့ဆုတ်ခွာ၍ အင်အားစု ပြန်ခုခံနေခြင်းဖြစ်သည်။

လတ်တလောတွင် ဖာပွန်မြို့ရှိ လက်ကျန် ဖာပွန်ဗျူဟာစခန်းကုန်းကိုလည်း KNLA ပူးပေါင်းတပ်ဘက်မှ အရှိန်မြှင့် တိုက်ခိုက်လာရာ စစ်အုပ်စုဘက်မှလေကြောင်းပစ်ကူများပြုလုပ်ခဲ့သည့်အပြင် မြေပြင်မှ စစ်ကူတက်လာနိုင်ရန်အတွက်လည်း ကြိုးပမ်းနေခြင်းရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှသိရသည်။

February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...
February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...
February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...
February 11, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art...