ကျိုက်ထိုတွင် စစ်ကော်မရှင်တပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်

ကျိုက်ထိုတွင် စစ်ကော်မရှင်တပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သကဲ့သို့၊ ကရင်ပြည်နယ် ဖာပွန်ဗျူဟာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက်တပ်များမှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ် ကျိုက်ထိုမြို့နယ် မုက္ကမော့ရွာခံများဖြစ်ကြသည့် ဦးကြက်ဥ၊ ဦးအေးသိန်း၊ ဦးစောနောင်နှင့် ဒေါ်အေးတို့သည် ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် ကြိုးပမ်းစဉ် စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု တော်လှန်ရေးရဲဘော်တဦးက မဇ္ဈိမသို့ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) တွင် ပြောသည်။

“ မုက္ကမော့ရွာခံတွေချည်းပဲ။ စစ်ကြောင်းထိုးလာလို့ ရှောင်ဖို့လုပ်ရင်း အသတ်ခံရတာ” ဟု တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

ထိုနေ့၌ပင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် လေး ဦး ကျဆုံးခဲ့ကြောင်း ဆိုသည်။ 

လက်ရှိတွင် စစ်ကော်မရှင်တပ်က မုက္ကမော့၊ စစ်ကွင်း၊ ခရွဲ အပါအဝင် ကျေးရွာများတွင် တပ်စွဲထားသဖြင့် ဒေသခံများ နေရပ်မပြန်နိုင်သေးဘဲ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

“အခြေအနေကတော့ မကောင်းဘူး။ ခုထိ (စစ်) ဆိုင်ထားရတုန်း” ဟု ရှေ့တန်းရဲဘော်တဦးက ပြောသည်။

ထို့ပြင် ဘီးလင်းမြို့နယ်၊ ညောင်ထောက်ရွာဘက်တွင်လည်း စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ဖိုးဝါးသိမ်၊ ညောင်ထောက်၊ အလူး အပါအဝင် ရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) သတ်မှတ်နယ်မြေ၌ ပါဝင်သည်။

KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့ရှိ အင်အားအကြီးဆုံးဖြစ်သော စဗခ (၁) ဗျူဟာကုန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေသည်။ စစ်ကော်မရှင်တပ်က ဗျူဟာကုန်းမကျစေရန် လေကြောင်းပစ်ကူများကို အပြင်းအထန် အသုံးပြု၍ ခုခံနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီပထမအပတ်က ဖာပွန်ဗျူဟာအနီးတဝိုက်ရှိ ခမရ (၃၄၁) အား သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားနေသည်ဟု ဆိုသည်။

ဖာပွန်မြို့ပေါ်ကို ၂၀၂၄ ခုနှစ် မတ်လကတည်းက KNU ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း၊ ကမမောင်းမြို့တွင်မူ စစ်ကော်မရှင်တပ်နှင့် BGF၊ DKBA တပ်များ ရှိနေဆဲဖြစ်သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဖာပွန်ဗျူဟာသည် ဖာပွန်မြို့နှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ကော်မရှင်တပ်အတွက် အရေးပါသော အထိုင်စခန်းတစ်ခုဖြစ်သည်။

March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...
March 4, 2026
မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း...
စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...