ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို အတင်းအကျပ် ခေါ်ယူခိုင်းစေမှုများ ရှိနေကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Sam Bo Myanmar အထည်ချုပ်စက်ရုံ၊ ဝါးတရာစက်မှုဇုန်ရှိ Lesmart (Myanmar) Apparel Company Limited အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာစက်မှုဇုန် (၃) ရှိ Chi Mei Garment အထည်ချုပ်စက်ရုံတို့တွင် ထိုသို့ခေါ်ယူမှုများ ရှိနေခြင်းဖြစ်ကြောင်း STUM ၏ ဩဂုတ်လ ၅ ရက်၊ ၁၅ ရက်နှင့် ၁၈ ရက်စွဲပါ ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
Sam Bo Myanmar အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင် All Line အချိန်ပို အပြည့်ဆင်း ရပြီး ဩဂုတ်လ ၁၇ ရက် ည ၉ နာရီအထိ အချိန်ပို ဆက်လက်ခေါ်ယူခဲ့သည်။
ထို့ပြင် ဩဂုတ်လ ၁၈ ရက်တွင်လည်း အလုပ်သမား ၂၀၀ ဝန်းကျင်အား ည ၁၂ နာရီအထိ မဖြစ်မနေ အချိန် ပိုဆင်းရမည်ဟု အတင်းအကျပ် ဖိအားပေး ခေါ်ယူခဲ့ကြောင်း STUM က အလုပ်သမားများ၏ ပြောကြားချက်ကို ကိုးကား၍ ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ညဘက် အလုပ်ချိန်နှင့် လုံခြုံရေး အခြေအနေအရ နံနက် ၈ နာရီမှ ည ၁၂ နာရီအထိ ခိုင်းစေခြင်းသည် ဥပဒေပါ အချိန်ပို ကန့်သတ်ချက်ကို အလွန်အကျွံ ချိုးဖောက်နေရုံမျှမက အမျိုးသမီး အလုပ်သမားများ၏ ညဘက် လုံခြုံ ရေးနှင့် ကျန်းမာရေးကိုပါ ထိခိုက်စေလျက်ရှိကြောင်း STUM က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။
ထို့ပြင် Lesmart (Myanmar) Apparel Company Limited အထည်ချုပ်စက်ရုံတွင်လည်း နေ့စဉ် အလုပ်သမား များအား ည ၇ နာရီ၊ ည ၉ နာရီအပြင်၊ All Night နှင့် All In အချိန်ပိုများကို ခေါ်ယူနေကြောင်း၊ ဩဂုတ်လ ၁၅ ရက် ညတွင်လည်း အောလင်း ဆင်းခိုင်းရန် လက်မှတ်ထိုးခိုင်းခြင်းများ ရှိနေသည်။
အလားတူ Chi Mei Garment အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမားများအား ညလုံးပေါက် အချိန်ပို (OT All Night) အတင်းအကျပ် ခေါ်ယူခိုင်းစေနေသဖြင့် အလုပ်သမားများ ကျန်းမာရေး ထိခိုက်လျက်ရှိသည်။ ထို့ပြင် စစ်ဆေးရေးအဖွဲ့များအား မမှန်မကန် ထွက်ဆိုရန်လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ရှိကြောင်း STUM က ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
STUM မှ တာဝန်ရှိသူတစ်ဦးက “OT ကြေးတွေ သတ်မှတ်ထားတဲ့အတိုင်းပေးလားဆိုတော့ စပြီးတော့ ညှိနှိုင်းတဲ့ အချိန်တည်းကကို OT ကြေးက တောင်းတဲ့ဒေးကြေးနဲ့အညီမရတာ ဒါကြောင့် ၂,၁၀၀ တို့ ၂,၂၀၀ တို့ ၂,၃၀၀ တို့ ညှိကြတာပေါ့။ ၁၁,၀၀၀ ဆို ၁၁,၀၀၀ အတိုင်း ၁၂,၀၀၀ ဆို ၁၂,၀၀၀ အတိုင်းတော့ ဘယ်စက်ရုံမှ မပေးကြဘူး” ဟု ပြောသည်။
စက်ရုံများအနေဖြင့်မူ ကုန်ပစ္စည်း အော်ဒါထွက်မည့်ရက် နီးကပ်နေသည့်အတွက် အချိန်ပို ခေါ်ယူခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့်လည်း အလုပ်သမားဥပဒေကို သိရှိရန်လိုအပ်ကာ တုံ့ပြန်သင့် တုံ့ပြန်ထိုက်သည်များ ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၁၉၅၁ ခုနှစ် အထည်ချုပ်စက်ရုံများ အက်ဥပဒေနှင့် ၂၀၁၃ ခုနှစ် အလုပ်လုပ်ကိုင်ရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုး တက်ရေး ဥပဒေတို့အရ လုပ်ငန်းခွင် အလုပ်ချိန် ကန့်သတ်ချက်တွင် စက်ရုံအလုပ်သမားတစ်ဦး၏ ပုံမှန်အလုပ် ချိန်သည် တစ်ရက်လျှင် ၈ နာရီ၊ တစ်ပတ်လျှင် ၄၄ နာရီထက် မပိုစေရဟု ပြဋ္ဌာန်းထားသည်။
အချိန်ပို (OT) ကန့်သတ်ချက်တွင်လည်း အချိန်ပိုဆင်းခိုင်းပါက တစ်ပတ်လျှင် ၁၂ နာရီ (အထူးကိစ္စရပ်များတွင် အများဆုံး နာရီ ၂၀) ထက် မပိုရဘဲ အလုပ်သမား၏ သဘောတူညီချက်မရှိဘဲ မဖြစ်မနေ အတင်းအကျပ် ခေါ်ယူ ခိုင်းစေခြင်း မပြုရဟု ပါရှိသည်။







