မွန်ညီညွတ်ရေးပါတီ ( MUP)ကို ကိုယ်စားပြု၍ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်တိုးတက်ရေးပါတီသည် ကျင်းပပြီးစီးခဲ့သည့် စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း(၃) ပိုင်းလုံးတွင် အနိုင်ရသူကိုယ်စားလှယ်များ မရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းရလဒ်ဖော်ပြချက်များအရ သိရသည်။
မွန်တိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ဘားအံမြို့နယ်၌ ကိုယ်စားလှယ်လောင်း ၃ ဦး၊ အပိုင်း (၂) တွင် လှိုင်းဘွဲ့မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၁ ဦး၊ အပိုင်း(၃)တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂ ဦးဖြင့် စုစုပေါင်း ၆ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မည်သည့် မဲဆန္ဒနယ်တွင် အနိုင်ရရှိခြင်း မရှိခဲ့ပေ။
ရွေးကောက်ပွဲရလဒ်များအရ ကရင်ပြည်နယ်အတွက် လွှတ်တော်နေရာအများစုကို စစ်ကော်မရှင်နှင့် နီးစပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အများဆုံး ရရှိထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်တိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ပါတီအနေနဲ့ သုံးနေရာ ဝင်ပြိုင်ခဲ့တယ်။ ရွေးကောက်ပွဲအပိုင်းသုံးပိုင်းစလုံး ပြီးသွားပေမယ့် ဘယ်နေရာမှ အနိုင်မရခဲ့ပါဘူး။ ဒီရွေးကောက်ပွဲက ၂၀၂၀ ခုနှစ်နဲ့ မတူဘဲ လုံခြုံရေးအခြေအနေကြောင့် ပြည်သူတွေ သွားလာလှုပ်ရှားလို့ မရသလို ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားသူတွေလည်း များလာခဲ့ပါတယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၌ မွန်တိုင်းရင်းသားလူမျိုး ၁ သိန်းခွဲနီးပါး မဲပေးခွင့်ရှိသည့်အနက် မဲလာပေးသူ ၇ သောင်းဝန်းကျင်အထိ ရှိခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ်ရွေးကော်ပွဲတွင် ခြုံရေးအခြေအနေစိုးရိမ်ရပြီး ပြည်သူများ ရွေးကော်ပွဲအပေါ် စိတ်မဝင်စားမရှိသဖြင့် မဲပေးစက်စနစ်နှင့် ကြိုတင်မဲများအပါအဝင် စုစုပေါင်း မဲပေးသူ အရေအတွက်မှာ ၁ သောင်း ၆ ထောင်ဝန်းကျင်သာ ရှိခဲ့ကြောင်း ဆိုသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်မည်မဟုတ်သဖြင့် သွားရောက်မဲပေးခြင်းမလုပ်ဆောင်ခဲ့ကြောင်းလည်း မွန်ဒေသခံတစ်ဦးက ဆိုသည်။
“ဒီရွေးကောက်ပွဲရလဒ်က ပြည်သူ့ဆန္ဒကို မဖော်ပြနိုင်ဘူးလို့ထင်လို့ မဲမပေးခဲ့တာပါ။ မဲပေးသွားလည်း ဘာမှ မပြောင်းလဲဘူးလို့ ခံစားရပါတယ်” ဟု ကရင်ပြည်နယ်အတွင်း နေထိုင်သည့် မွန်ဒေသခံတစ်ဦးက ပြောသည်။
နိုင်ငံရေးအခင်းအကျင်းနှင့် ပါတီအခက်အခဲအမျိုးမျိုးကြောင့် မဲအနိုင်ရရှိမှုမရှိသော်လည်း ကရင်ပြည်နယ်အတွင်းရှိ မွန်ပြည်သူလူထုများထံ ယုံကြည်မှုရရှိရန်နှင့် ပါတီရှင်သန်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း အထက်ပါ မွန်တိုးတက်ရေးပါတီ တာဝန်ရှိသူက ဆက်ပြောသည်။
" မြို့နယ် ၇ မြို့နယ်လုံးမှာရှိတဲ့ အဓိကမွန်လူဦးရေထူးထပ်တဲ့ မြို့နယ်မှာပေါ့။ အဲဒီမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုမှာ ကျနော်တို့ပါတီ ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုစားရအုံးမယ်။ အဲဒီအတွက်လည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ပြည်သူတွေလည်း နားလည်းအောင် ငွေရေးကြေးရေးတွေပေါ့နော်။ အခက်ခဲလေတွေ အဲဒီအတွက်လည်း ကျနော်တို့ စုစည်းရမယ်၊ ရန်ပုံငွေတွေရှာရမယ်။ ပါတီကရှင်သန့်ဖို့ဆို လုပ်စရာတွေအများကြီးရှိတယ်"ဟု ဆိုသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပပြီးနောက် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၁ ဦးနှင့် မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၁ ဦးဖြင့် စုစုပေါင်း ၂၄ ဦး အနိုင်ရရှိခဲ့သည်။
ထို့အပြင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၇ ဦး၊ ပအိုဝ်အမျိုးသားညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၃ ဦးနှင့် ဖလုံ–စဝေါ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၂ ဦးတို့လည်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) သည် အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၅ ဦး၊ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၅ ဦး၊ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၇ ဦးဖြင့် စုစုပေါင်း ၁၇ ဦး မဲအနိုင်ရရှိထားသည်။







