ပေါင်၌ စစ်မှုထမ်းကြေး မပေးနိုင်သည့် အိမ်ထောင်စုများကို စားအုန်းဆီ ဝယ်ယူခွင့် ပိတ်ပင်

ပေါင်၌ စစ်မှုထမ်းကြေး မပေးနိုင်သည့် အိမ်ထောင်စုများကို စားအုန်းဆီ ဝယ်ယူခွင့် ပိတ်ပင်
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။

မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို မပေးဆောင် နိုင်သည့် အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးအတွက် မွန်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်းက ပေါင်ဒေသခံ ပြည် သူများထံ စားအုန်းဆီ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်နှုန်းဖြင့် တစ်လလျှင် တစ်ကြိမ် လာရောက်ရောင်းချပေး လျက်ရှိသည်။

ထိုသို့ ရောင်းချရာတွင် လစဉ် စစ်မှုထမ်းကြေး ပေးဆောင်ထားခြင်းမရှိသည့် အိမ်ထောင်စုများကို စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ထုတ်မပေးသည့်အပြင် ဝယ်ယူခွင့်လည်း မပြုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပေါင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆီ ၃ နေရာရောင်းတယ်။ ကျမတို့ သွားခဲ့တယ်။ စာအုပ်ပေးမယ်ပြောပြီး မထုတ်ပေးဘူးတဲ့။ ရောင်းတော့လည်း လာမခေါ်ဘူး။ စစ်မှုထမ်းကြေး မပေးထားလို့ မရဘူးတဲ့” ဟု ပြောသည်။

စားအုန်းဆီကို တန်းစီစနစ်ဖြင့် ဆီကုန်သည်အသင်းနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်း၍ အထောက်အထား မလိုဘဲ ရောင်းချပေးခဲ့ရာမှ ယခု ဩဂုတ်လတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ထုတ်ပေးသည့် စားသုံးဆီ ဝယ်ယူခွင့်စာအုပ်များဖြင့်သာ ရောင်းချရန် ကန့်သတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် စားဝတ်နေရေး ခက်ခဲပြီး စစ်မှုထမ်းကြေး မပေးနိုင်သည့် အိမ်ထောင်စုများမှာ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီ ဝယ်ယူခွင့် မရရှိတော့ပေ။

ပေါင်မြို့နယ်တွင် စစ်မှုထမ်းကြေး မပေးဆောင်ထားသည့် အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီ ဝယ်ယူခွင့် စာအုပ် အပါအဝင် ထောက်ခံစာ တစ်စုံတစ်ရာ လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ပြုလုပ်ပေးခြင်း မရှိကြောင်းလည်း ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပေါင်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော့် အိမ်တော့မပေးဘူး။ မပေးလို့ ထောက်ခံစာသွားယူရင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ ရစ်တာခံရတာပေါ့။ အရောင်းအဝယ်ကိစ္စဆိုရင် သူတို့ထောက်ခံချက် ယူရတယ်လေ” ဟု ပြောသည်။

ပေါင်မြို့နယ်၌ ကျေးရွာအလိုက် အိမ်ခြေအပေါ် မူတည်၍ စစ်မှုထမ်းကြေးကို အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ ၃၀,၀၀၀ ကြား ကောက်ခံနေသဖြင့် စားဝတ်နေရေး ကြပ်တည်းနေသည့် ဒေသခံများမှာ ပေးဆောင်ရန် အခက် အခဲ ဖြစ်ပေါ်လျက်ရှိသည်။

စစ်မှုထမ်းဥပဒေ စတင်ပြဋ္ဌာန်းသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မွန်နှင့် ကရင်ပြည်အတွင်းရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးမှူးများထံ ဒေသခံများက စစ်မှုထမ်းကြေး စတင်ပေးဆောင်လာရပြီး ခြိမ်းခြောက်ခံရမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...