စစ်အုပ်စုတပ် စစ်ကြောင်းထိုး မီးရှို့ဖမ်းဆီးမှုများကြောင့် သရက်ချောင်း၌ စစ်ရှောင်ဦးရေ တိုးလာ

စစ်အုပ်စုတပ် စစ်ကြောင်းထိုး မီးရှို့ဖမ်းဆီးမှုများကြောင့် သရက်ချောင်း၌ စစ်ရှောင်ဦးရေ တိုးလာ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ အသုံးပြု၍ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံပြည်သူ ၁,၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရှိရသည်။

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ အင်အား ရာနှင့်ချီ သုံးစွဲလျက် သရက်ချောင်းမြို့နယ် အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်းနှင့် ပဒတ်ချောင်း စသည့် ကျေးရွာများသို့ ဖြန့်ကျက် ဝင်ရောက်လာခဲ့သည်။

ကျေးရွာများအတွင်း ဝင်ရောက်စဉ် ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်နေသည့်အတွက် နေရပ်စွန့်ခွာသူ ပိုမိုများပြားလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“ကြိုရှောင်တာလဲရှိတယ် မနေရဲကြဘူး။ အရေအတွက်က အတိအကျပြောလို့မရနေဘူး။ ‌စစ်ရှောင်က တိုးလာ တာပဲရှိတယ်။ အများသိတဲ့အတိုင်းပဲလေ သူတို့စစ်ကြောင်းထိုးရင် ဒေသခံတွေကို ဖမ်းမယ် သတ်ဖြတ်မယ်။ အဲ့ကြောင့် မနေရဲကြတာ” ဟု စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း သီးသန့် သတ်မှတ်ထားခြင်း မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများသည် နီးစပ်ရာ တောတောင်များအတွင်း ပုန်းအောင်း နေထိုင်နေကြရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူများသည် မိုးရာသီကာလ ဖြစ်သဖြင့် အမိုးအကာ မလုံလောက်ခြင်း၊ အခြေခံ စားနပ်ရိက္ခာများ လိုအပ်ခြင်းနှင့် နေရာထိုင်ခင်း အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း အထက်ပါ စစ်ရှောင်အရေး ကူညီပေးနေသူက ဆက် ပြောသည်။

“မိုးကာတွေလည်း မလောက် မိုးကလည်း ကြီးနေတော့ သွားလာဖို့ အရမ်းခက်ခဲကြတယ်။ စားနိပ်ရိပ်က္ခာတွေ လည်း လိုအပ်တယ်။ တော်လှန်ရေးတပ်အဖွဲ့ဘက်ကလည်း သူတို့တက်နိုင်သလောက်တော့ ကူညီနေတာရှိတယ်။ လောလောဆယ် စစ်ရှောင်တွမှာ ဝမ်းပျက်တာ‌၊ ဖျားနားတာတွေမရှိ‌ပေမဲ့ မိုးတွင်းဖြစ်နေတော့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေရတယ်။”

ထို့ပြင် စစ်ရှောင်ပြည်သူများအကြား ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းနှင့် အရေပြားရောဂါ ဝေဒနာ ခံစားရမှုများ လက်ရှိတွင် မရှိသေးသော်လည်း မိုးတွင်းကာလ ဖြစ်သည့်အတွက် တောတောင်များအတွင်း ရက်ရှည် ပုန်းအောင်းနေရသဖြင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင်လည်း ပဒတ်ချောင်းကျေးရွာအနီး၌ စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ရုရှားနှင့် ပူးပေါင်း အကောင်အထည်ဖော်ရန် သဘောတူထားသည့် ထားဝယ် အထူးစီးပွားရေးဇုန်ကို နယ်မြေ ရှင်းလင်းမည်ဟု စစ်အုပ်စုတပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဇွန်လနှောင်းပိုင်း တိုင်းခရီးစဉ် အတွင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်း မပြတ် ထိုးနေခြင်းဖြစ်သည်။

တနင်္သာရီ တစ်တိုင်းလုံးအနေဖြင့် စစ်ဘေးရှောင်သူ ဦးရေ ၉၄,၇၀၀ ခန့်အထိ ရှိလာကြောင်း FE5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...