ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းမရှိကြောင်း DKBA ငြင်းဆို

ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းမရှိကြောင်း DKBA ငြင်းဆို

ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ ထွက်ပေါ်လာသည်ဟု သတင်းအပေါ် ထိုဒေသကို အဓိက ထိန်းချုပ်နေသည့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)မှ ဗိုလ်မှူးကြီး စောအေဝမ်းဘက်က ငြင်းဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ ၂၀ ခန့်အကွာအဝေးရှိ ကြိမ်ချောင်းရွာ (ကရင်အခေါ် လေးဝါ့ဖလိုးကျေးရွာ) တွင် ကျားဖြန့်လုပ်ငန်း အဆောက်အဦသစ်များစွာ ဆောက်လုပ်ပြီး တရုတ်နိုင်ငံသား ၅,၀၀၀ ခန့်ကို ခိုလှုံခွင့် ပေးထားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ သူတို့ပြောထားတာ ၃ ထပ်၊ ၄ ထပ်အဆောက်အဦလိုမျိုး ပေါ်ပေမယ့် ဘုရားသုံးဆူ တစ်မြို့လုံးမှာ ၄ ထပ် အဆောက်အဦက ၂ လုံး လောက်ပဲ ရှိပါတယ်။ အခြားအဆောက်အဦတွေက တစ်ထပ်၊ နှစ်ထပ်ပဲ ရှိပါတယ်။ သူတို့တင်ထားတဲ့ တောထဲက အဆောက်အဦတွေကို ကြီးကျယ်ခမ်းနားပြီး ပိုထူးခြားနေပါတယ်။ ဒီအဆောက်အဦတွေကို တစ်နေရာရာမှာ မှတ်တမ်းသွားရိုက်ပြီး သူတို့ (မီဒီယာ) ကို ပို့ပေးထားတဲ့သဘောပဲလို့ ကျနော်မြင် ပါတယ်” ဟု DKBA အမှတ် (၂) စစ်ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။

ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ တရုတ်နိုင်ငံသားများသည် ယခင်လအတွင်း ဖြိုခွဲ ဖျက်ဆီးခံလိုက်ရသည့် KK Park၊ မင်းလက်ပံနှင့် ရွှေကုက္ကိုလ်မြို့သစ်တို့မှ တိမ်းရှောင်လာသူများ ဖြစ်ကြပြီး DKBA ခေါင်းဆောင် ဗိုလ်အေဝမ်းအဖွဲ့က လက်ခံထားပေးသည်ဟု ဆိုထားသည်။

ထို့အပြင် အရေအတွက်အားဖြင့် တရုတ်နိုင်ငံသား ၂,၀၀၀ ခန့်နှင့် မြန်မာနိုင်ငံသား အများအပြားလည်း ရှိနေပြီး ဗိုလ်အေဝမ်းက ကျားဖြန့်လုပ်ငန်းများကို လည်ပတ်ခွင့်ပြုကာ အခွန်ကောက်ခံမှုမျိုး လုပ်ဆောင်နေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ဘုရားသုံးဆူဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၆) နယ်မြေအတွင်း ပါဝင်နေပြီး တပ်မဟာ (၆) တပ်မဟာမှူး ကိုယ်တိုင်က ယခုလို ကိစ္စမျိုးကို လက်မခံရန် ပြတ်ပြတ်သားသား ပြောဆိုထားသည်ဟု ဗိုလ်မှူးကြီး စောအေဝမ်းက ဆိုသည်။

၎င်းကိုယ်တိုင်အနေဖြင့်လည်း ယခုလိုမျိုး ကိစ္စများကို လက်မခံသည့်အတွက် ထိုသို့ သတင်းရေးသား ဖော်ပြခြင်းသည် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးရေးသားခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်မှူးကြီး စောအေဝမ်းက ဆိုသည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦးက “အခြေအနေက သတင်းမှာ တွေ့ရသလိုပဲ တရုတ်တွေက အဲဒီဘက်မှာ အဆောက်အဦတွေ အများကြီး သွားဆောက်နေတာ အမှန်ပါပဲ။ ဒီကိစ္စက အမှန်မဟုတ်ရင် သတင်း ဘယ်လို ထွက်မလဲ။ တရုတ်တွေက အဲဒီက တောဘက်တွေမှာ အဆောက်အဦတွေ ပြန်ဆောက်နေတာ အများကြီးပါပဲ။ အထဲကိုလည်း ဝင်ခွင့် မပေးပါဘူး။ ဝင်သွားရင် သူတို့ စစ်သားတွေ တိုးပြီး လုံခြုံရေး ချထားပါတယ်။ နေရာ ၂ ခု၊ ၃ ခုလောက် ရှိမယ်” ဟု ပြောသည်။

ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်မှုရှိနေသော်လည်း အဆိုပါ တရုတ်များသည် ဒေသထွက် သီးနှံများအတွက် စက်ရုံလုပ်ငန်းများ ထူထောင်ပြီး ကုန်ချောလုပ်ငန်းများ လုပ်ကိုင်သွားရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု DKBA ခေါင်းဆောင် ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။

၎င်းက “ဒေသခံပြည်သူတွေအတွက် ပီလောပီနံ စျေးကွက်တစ်ခုရအောင် တစ်ရက်ကို တန် ၂,၀၀၀ လောက် အမှုန့်ကြိတ်ဖို့ ဆောက်လုပ်နေဆဲစက်ရုံတစ်ခုတော့ ရှိပါတယ်။ နောက်ပြီး အမှုန့်မကြိတ်နိုင်တဲ့ အရာတွေကို တိရစ္ဆာန်အစာပြန်ထုတ်ဖို့လည်း စက်ရုံဆောက်ထားတာ ရှိပါတယ်။ အဲဒါက တစ်ထပ်ပဲ ဖြစ်ပြီး သူဌေးက တရုတ်နိုင်ငံသားပါ။ အထပ်မြင့် အဆောက်အဦတွေ မရှိပါဘူး” ဟု ဖြည့်စွက် ပြောသည်။

ကရင်ဒေသအတွင်း လက်ရှိဖြစ်ပေါ်နေသော အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပမှု အခြေအနေနှင့် ကော်သူးလေအာမီ ခေါင်းဆောင် ဗိုလ်ချုပ် နယ်ဒါးမြ၏ ကော်သူးလေ သမ္မတနိုင်ငံ ထူထောင်သည့် ကြေညာချက် သတင်းများကြောင့် နိုင်ငံတကာမှ စောင့်ကြည့်နေသည့် ကျားဖြန့် အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းသတင်းများ မှေးမှိန်လာခြင်းလည်းဖြစ်သည်။

Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...
Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...