စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှာ စစ်တပ်က စစ်အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး ရှင်းလင်းရေးအစီအစဉ်တွေပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကစလို့ မနေ့ကညနေအထိ ကောလင်းမြို့နယ် ချဉ်ပစ်ခုံ၊ တောင်မှော် စတဲ့ ကျေးရွာအနီးတွေမှာ စစ်တပ် စစ်ကြောင်းနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာဘက်မှ စစ်ကြောင်းထိုးလာပြီး ကောလင်းမြို့အရှေ့ခြမ်း၊ ချဥ်ပစ်ခုံစျေးတန်းကို ဝင်ရောက်ခဲ့ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ Kawlin Revolution - KR က ဆိုပါတယ်။
တိုက်ပွဲ (၄ )ရက်အတွင်းမှာ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ (၁) ဦး ၊ ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ (၇) ဦးသေဆုံးခဲ့ပြီး မြေနီကျေးရွာခံ အမျိုးသား(၁) ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် စစ်ကြောင်းများဟာ ကောလင်းမြို့နယ် အရှေ့ဘက်ဒေသများသို့ ဆက်လက်ရွေ့လျားနေပြီး ဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။
ကောလင်းမြို့နဲ့ ၅ မိုင်အကွာရှိ ဝန်းသိုမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ဆိုပြီး ဒေသခံတွေကို မြို့အတွင်းမှ ထွက်ခွာဖို့ အသိပေးချက်တွေထုတ်ပြန်ပြီးနောက် တစ်ပတ်အကြာမှာပဲ စစ်တပ်စစ်ကြောင်းတွေဟာ လှုပ်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။
Photo_ကောလင်းမြို့အဝင်ဆိုင်းဘုတ်ကိုတွေ့ရစဉ်/ Credit







