တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော စစ်ကော်မရှင်တပ်များနှင့် တစ်လဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲများတွင် ချင်းလဲန်းတော်လှန်ရေးအင်အားစုမှ ရဲဘော် ၇ ဦးကျဆုံးသည်ဟု သိရသည်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေက CNA နဲ့ CDF CDM SIYIN က ရဲဘော်တွေပါ။ ကလေး - သိုင်းငင်း စစ်ကြောင်းနဲ့ သိုင်းငင်း ကနေ ဖလမ်းဘက်ကို စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေမှာ ကျဆုံးရတာပါ။ တိုက်ပွဲကတော့ အင်အားမမျှတော့ ကျတော်တို့ဘက်က သူတို့ လာမယ် လမ်းကြောင်းတွေမှာ မိုင်းဆွဲတာ ခြုံခို တိုက်ခိုက်တာတွေတော့ အမြဲတမ်းရှိပါတယ်” ဟု CDF CDM SIYIN တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကီက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်က သိုင်းငင်းမှ ဆုတ်ခွာခဲ့ရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာတွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ရာ ရဲဘော် ၄ ဦး ကျဆုံးရသည်။

နိုဝင်ဘာလဆန်းပိုင်း စတင်၍ ချင်းပြည်နယ်အဝင်ဖြစ်သော ခိုင်ကမ်းမြို့မှ သိုင်းငင်းသို့ ဦးတည်သော စစ်ကြောင်း၊ တီးတိန်မြို့မှ သိုင်းငင်းသို့ နောက်ထပ်စစ်ကြောင်း၊ ကလေးတောင်ပိုင်းရှိ ဝေဘူလမှ ဖလမ်းမြို့သို့ စစ်ကြောင်းများဖြင့် စစ်ကော်မရှင်တပ်သည် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်၏ ချင်းပြည်အဝင် နေရာစုံမှ ထိုးလာသော စစ်ကြောင်းများကြောင့် ချင်းပြည်တပ်ပေါင်းစုက စုဖွဲ့ပြီး ခုခံတော် လှန်နေရာ အခက်အခဲ ရှိလာကြောင်း၊ ထို့ကြောင့် ကိုယ့်နေရာ ကိုယ့်အဖွဲ့အစည်း အသီးသီးဖြင့်သာ ခုခံတော်လှန်ကြရင်း အင်အား မမျှတပဲ တဖြည်းဖြည်းနှင့် ထိန်းချုပ်နေရာများကို ပြန်လည် လက်လွတ်ရသည်ဟု သိရသည်။

သိုင်းငင်းသို့ ဦးတည်ထိုးစစ်ဆင်လာသော တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗျူဟာမှူး လှမျိုးထွဋ် အပြင်းအထန် ဒဏ်ရာရရှိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း သိရသည်။

“ဗျူဟာမှူး လှမျိုးထွဋ်ကတော့ သေတော့ မသေဘူး။ သိုင်းငင်းရွာနားတိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာ ရသွားပါတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှုက ၇၀ ကျော်လောက် ရှိပါတယ်။ ကလေး - သိုင်းငင်း စစ်ကြောင်းဆိုရင် အလောင်းနဲ့ ဒဏ်ရာရ ရဲဘော်တွေကို ၁၂ ဘီးကား တစ် စီးနဲ့ သယ်သွားတယ်လို့ သတင်းရရှိပါတယ်” ဟု CDF CDM SIYIN တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကီက ပြောသည်။

ယခုနှစ် မေလမှ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ် အင်အား ၈၀၀ ထက်မနည်းကို ချင်းပြည်တပ်ပေါင်းစုနှင့် စစ်ဒေသ ၁ မဟာမိတ်အင်အားစုများက အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာတချို့ ရရှိသည်ဟု သိရသည်။

သို့သော် ယင်းစစ်ကော်မရှင်စစ်ကြောင်းသည် အပြီးသတ်ဆုတ်ခွာခြင်းမရှိဘဲ ချင်းပြည်နယ်အဝင် ၅ မိုင်ခန့် တစ်နေရာတွင် တပ်စခန်းအထိုင်ချကာ အင်အားဖြည့်တင်လျက်ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလကုန်းက တီးတိန်သို့ လေကြောင်းမှ အင်အား အကြိမ်ကြိမ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တော်လှန်ရေးအပေါ် အကျိုးတစ်စုံတစ်ရာ ဖြစ်စေရန် ရည်ရွယ်၍ တော်လှန်ရေး ရဲဘော်အားလုံးအပေါ် တော်လှန်ရေး သစ္စာအမှန် ထားရှိပြီး စစ်ကော်မရှင်တပ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မချွင်းမချန်ဘဲ မိမိတို့၏ အသက်ကို စတေးခံ၍ ဆက်လက်ခုခံ တော်လှန်နေပါသည်ဟု CDF CDM SIYIN က အသိပေး ထုတ်ပြန်ထားသည်။

ကျဆုံး ရဲဘော်များ၏ မိသားစုများနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရပြီး ရဲဘော်များ၏ ပေးဆပ်ခဲ့သော အသက်ကြွေများဖြင့် သံန္တိဌာန်ပြုကာ ခရီးဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
November 28, 2025
ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်တွင် တပ်စွဲထားသော ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင် တပ်စခန်းကို...