မော်လမြိုင်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပိုက်စိပ်တိုက်ရှာဖွေနေ

မော်လမြိုင်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပိုက်စိပ်တိုက်ရှာဖွေနေ

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ “မြင်သူလန်း”ဆံပင်မိတ်ကပ်ဆိုင်အရှေ့မှာ LGBT အမျိုးသားသုံးဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် LGBT တွေဖြစ်တဲ့ တင်ကိုကိုဦးနဲ့ မနီ (ခေါ်) မာမက်အာယွန်းတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ဇွဲဝေယံထက်ဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီ LGBT အမျိုးသား သုံးဦးဟာ လှိုင်ရပ်ကွက်မှာ ကျင်းပပြုလုပ်နေတဲ့ ပွဲဈေးကနေ သူတို့ဆိုင်ဖြစ်တဲ့ “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင်သို့ ပြန်လာစဉ် အမည်မသိ သေနတ်သမား နှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်ခတ်သွားတာ ဖြစ်ပါတာ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က လုံခြုံရေး တင်းကျပ်ပြီး မြို့ဝင် မြို့ထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေတာ၊ မြို့တွင်း မထင်မှတ်တဲ့ နေရာတွေအပြင် လူစည်ကားရာနေရာတွေကအစ တင်း တင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မော်လမြိုင်မြို့ခံ တစ်ဦးကတော့ လက်ရှိမှာ စစ်ကော်မရှင်ဘက်က မြို့ဝင် မြို့ထွက်တွေကို လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လူသွားလူလာ နည်းပါးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်ခုခုဖြစ်ပြီးဆိုရင် အဲဒီနားပတ်ဝန်းကျင် တစ်ခု ပိတ်လိုက်တာမျိုးပဲ ဖြစ်ဖြစ် အဝင်အထွက်တွေကို လုံခြုံရေး တင်းကျပ်ပြီးတော့ လုပ်တာမျိုးရှိတယ်။ အခုလည်း အဲဒီလိုမျိုးပဲ။ လုံခြုံရေး တင်းကျပ်တာတွေ မြို့ဝင်မြို့ထွက်တွေ တံတားတွေ အဲဒီမှာ လုံခြုံရေး တင်းကျပ်ပြီးတော့ စစ်နေတာ” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေတာတွေအပြင် ညဘက်တွေမှာ ဧည့်စာရင်း စစ်ဆေးတာတွေကိုပါ လုပ်ဆောင်နေသလို မသင်္ကာတဲ့သူတွေကိုလည်း ခေါ်ယူစစ်ဆေးတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့ဝင်မြို့ထွက် နေရာတွေ၊ တံတားတွေ၊ စစ် ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်နေသလို CCTV မှတ်တမ်းတွေကိုလည်း ရှာဖွေစုဆောင်း စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အခုလို စစ်ကော်မရှင်က အပြည့်အဝ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့မှာ လက်နက် ကိုင်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိမှုမရှိတဲ့အပေါ် မြို့ခံတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်ကော်မရှင်က CCTV ကင်မရာ အပြည့်တပ်ဆင်ကာ စောင့်ကြည့်တာတွေ ရှိသလို အင်အားပြ လှည့်လည်တာတွေ နေ့စဉ် လုပ်ဆောင်နေပေမယ့် မကြာခဏ ဆိုသလို ခိုးမှု၊ လုယက်မှု၊ လူသတ်မှုအပြင် ဒုစရိုက်မှုတွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...