မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ ရေးဘီလူးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖြတ်တောက်ဖို့ စစ်တပ်က NCA စာချုပ်ကို ချိုးဖောက်ပြီး ဒေသခံတွေကိုပါ လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ ရာမညအင်စတီကျူ သုတေသနဌာန RICE အဖွဲ့က ပြောပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို စစ်တပ်က ချိုးဖောက်ပြီး ရေးဘီလူးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖြတ်တောက်နေတဲ့အပေါ် RICE အဖွဲ့က အောက်တိုဘာ ၁၄ ရက်နေ့မှာ အပတ်စဉ် ငြိမ်းချမ်းရေးသုံးသပ်ချက်အဖြစ် ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က အင်အား ၇၀ လောက်ပါဝင်တဲ့ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းတစ်ကြောင်းဟာ NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝယ်ရဟိုင်းရွာဘက်ကို ဝင်ရောက်ခဲ့တာပါ။
ဒါဟာ နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ ဒေသငြိမ်းချမ်းရေးကို တိုက်ရိုက်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး NCA သဘောတူစာချုပ်ပါ အခြေခံမူတွေကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်တာလို့ RICE က ဆိုပါတယ်။
၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက် အပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီးနောက် ဆယ်စုနှစ်သုံးခုနီးပါးအတွင်း မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအုပ်စုဖြစ်တဲ့ ဝယ်ရဟိုင်းဒေသမှာ စစ်တပ်ရဲ့ လုံခြုံရေးလှည့်လည်တာ ဒါမှမဟုတ် စစ်ကြောင်းထိုးတာမျိုး လုံးဝ မရှိခဲ့ပါဘူး။
ဒါပေမယ့် ရေးဘီးလူးအဖွဲ့ကို ဦးတည်ပြီး မွန်ပြည်သစ်ပါတီ NMSP ရဲ့ ထိန်းချုပ်နယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့မှုဟာ NCA စာချုပ်ပါ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ သုံးသပ်ထားတာပါ။
NCA စာချုပ်ပါ အခန်း (၃) ပုဒ်မ ၈ အရ စစ်တပ်နဲ့ EAO တပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားခွင့်နဲ့ပတ်သက်ပြီး လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် ဘယ်နေရာမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားတာပါ။
ဒါပေမယ့် တစ်ဘက်အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့နယ်မြေအတွင်း လက်နက်နဲ့သွားလာဖို့ လိုအပ်ရင် နှစ်ဘက်ညှိနှိုင်းသဘောတူညီချက်နဲ့ သွားလာဖို့ စာချုပ်မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။
ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှာ ပါဝင်ခဲ့သူ အရပ်သားကိုယ်စားလှယ်တစ်ဦးက အာဏာသိမ်းပြီးနောက် စီမံအုပ်ချုပ်သူတွေက NCA ကို လက်တွေ့လိုက်နာမှုမှာ ပြောစရာအဖြေမရှိဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း သံလွင်တိုင်းမ်ကို မှတ်ချက်ပြုခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဟာ ဒီမိုကရေစီအစိုးရနှစ်ဆက် ဖော်ဆောင်ခဲ့တဲ့ NCA စာချုပ်ကို လိုက်နာစေရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အဲဒီအဖွဲ့အစည်းတွေအပါအဝင် NCA မှာရှိတဲ့ ယန္တရားတွေအားလုံးဟာ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်နဲ့အတူ ရပ်တန့်သွားခဲ့ပါတယ်။
RICE ကတော့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ အဓိက ပစ်မှတ်အဖြစ် ရေးဘီလူးအဖွဲ့ကို ဦးတည်တာဖြစ်ပေမယ့် ဒေသခံတွေကိုပါ လူသားဒိုင်းအဖြစ် အသုံးချပြီး ငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဟာ အဒိန်းခြံစုနဲ့ ဝယ်ရဟိုင်းဒေသခံ ၂၈ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့အတွက် လူသားဒိုင်းအဖြစ် အရှေ့ကနေ လမ်းပြစေခဲ့တာပါ။
ဒါဟာ အစုလိုက်အပြုံလိုက် ပေါ်တာဆွဲတာဖြစ်ပြီး အချို့မှာ ရိုက်နှက်ခံခဲ့ရသလို သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့တာကြောင့် နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ်က ဝယ်ရဟိုင်းမှာ တစ်ညတပ်စွဲပြီး အဲဒီကနေတဆင့် ရွာကလေး၊တောင်စွန်းကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးကာ ကံလှရွာအရောက်မှာ ဖမ်းဆီးခံရသူအားလုံး ငွေပေးဆောင်ပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတယ်လို့ ရွာခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောထားတာပါ။
အဲဒီစစ်ဆင်ရေးဟာ ဝယ်ရဟိုင်းဒေသပတ်ဝန်းကျင်မှာ လှုပ်ရှားမှုပြင်းထန်နေတဲ့ ရေးဘီးလူးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားနိုင်စွမ်းကို ဟန့်တားဖို့ သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့နဲ့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ပိတ်ဆို့ဖို့ ရည်ရွယ်ပုံရတယ်လို့ RICE က သုံးသပ်ပါတယ်။
တစ်ဘက်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အကြောင်းပြကာ လာမယ့် ရွေးကောက်ပွဲကျင်းပဖို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ညွန်ပြနေတယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်ရဲ့ အကျိုးဆက်အဖြစ် ဒေသခံတွေရဲ့ စိုးရိမ်ကြောက်လန့်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရော်ဘာခြစ်အလုပ်ကိုပါ စွန့်လွှတ်ထားရမယ့် အခြေအနေ ဆိုက်ရောက်နေတာပါ။
နိုင်ငံရေးအရမူ စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဟာ NCA စာချုပ်ရဲ့ တန်ဖိုးနဲ့ ကတိကဝတ်ကို အလေးမထားဘဲ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ လိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်လာစေရေး ဖိအားပေးနေတယ်လို့ ဖော်ပြထားပါတယ်။







