“နိုင်ငံရေးအရ စကားပြောဖို့ မထိုက်တန်တဲ့လူတွေဖြစ်တယ်” — ပဒို စောတောနီး

“နိုင်ငံရေးအရ စကားပြောဖို့ မထိုက်တန်တဲ့လူတွေဖြစ်တယ်” — ပဒို စောတောနီး

NCA နှစ်ပတ်လည်နေ့ ဆယ်နှစ်ပြည့်အခမ်းအနားကို ယနေ့ နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးစီးပြီး ကျင်းပပြုလုပ်လျက်ရှိရာ ၎င်းဖိတ်ကြားထားသည့် အဖွဲ့များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ထိုအထဲတွင် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များလည်း ပါဝင်သည်။ ကေအဲန်ယူအနေဖြင့်လည်း ၎င်းနှင့်သဘောထားတူညီသော တိုင်းရင်းသားအဖွဲ့(၆)ဖွဲ့နှင့်ပူးပေါင်းကာ NCA အပေါ် သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များက NCA  ကို လက်မခံတော့သည့် အကြောင်းအရင်း၊ NCA ကာလ ကေအဲန်ယူ၏ အတွေ့အကြုံများ၊ လက်ရှိသဘောထားနှင့် တက်ရောက်သူတို့အပေါ် အမြင်တို့ကို ကေအိုင်စီ-ကရင်သတင်းဌာနက ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းခဲ့ထားသည်။

မေး ။ ။ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အထဲမှာ တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ ကေအဲန်ယူအနေနဲ့ NCA နှစ်ပတ်လည်နဲ့ပတ်သက်ပြီး သီးသန့်သဘောထား ရပ်တည်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ ရှင်းရှင်းလေးပါ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်ဆိုပြီး ကြိုးစားခဲ့ တာအားလုံးသိပြီးသားပါ။ ဒါပေမဲ့ စစ်အုပ်စုဘက်က ဒါကိုလုံးဝဂရုမစိုက်ဘဲနဲ့ နောက်ဆုံး ၂၀၂၁ မှာ အာဏာသိမ်း တဲ့အခါ NCA ကလည်း လုံးဝပျက်ပြယ်သွားပြီဆိုတာ ကျနော်တို့တောက်လျှောက်ပဲပြောလာတာ။ ဘာလို့လဲဆိုတော့ NCA ရဲ့အခြေခံမူတွေရော ရည်ရွယ်ချက်တွေရော အကုန်လုံးကို သူချိုးဖောက်လိုက်တာ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်။ အကြမ်းမဖက်ရဘူး၊ ဒါတွေကအစ အကုန်လုံးကို ဆန့်ကျင် ဘက်တွေလုပ်လိုက်တာ။ ဒါကြောင့်ပဲ ကျနော်တို့က ပျက်ပြယ်သွားပြီဆိုတာကို အာဏာသိမ်းကတည်းက ပြောလာတာ။ ပြောလာတဲ့အတိုင်းပဲ ကျနော်တို့လုပ်ဆောင်လာတယ်။ အခုကတော့ NCA ရှိသယောင်ယောင်နဲ့ တစ်နှစ်တစ်ခါ ဒီလိုပဲငြိမ်းချမ်းရေးပွဲကိုခေါပြီး ဟိုလူဆွဲခေါ် ဒီလူဆွဲခေါ်နဲ့ ဘာမှအလုပ်မဖြစ်တဲ့ဟာကို ဆက်လုပ်နေတယ်ဆိုတာ ကျနော်တို့မြင်နေရတယ်။ ဒါပေမဲ့ သူ့ဘက်မှာလည်း ဒီလိုလုပ်မှ မျက်နှာပြောင်တိုက်လို့ အဆင်ပြေမယ်။

ကျနော်တို့မြင်တာကတော့ NCA ရှိတုန်းအခါမှာ သေချာဂရုစိုက်ပြီး ထဲထဲဝင်ဝင်နဲ့အားသွန်ခွန်စိုက် ရှိတဲ့အရင်း အမြစ်မှန်သမျှပါဝင်ပြီး လုပ်မယ်။ ဒါပေမဲ့ စစ်တပ်ဘက်က အဲဒီလုပ်နေတဲ့အချိန်မှာ လုပ်ငန်းစဥ်အားလုံးကို ကန့်လန့်တိုက်ပြီး ပြဿနာတက်အောင်လုပ်တယ်။ အထူးသဖြင့် NCA လက်မှတ်ရေးထိုးပြီးတဲ့ (၃)နှစ်မြောက်မှာ သူကတစ်ခုတည်းသော တပ်မတော်ရှိရမယ်ဆိုပြီး တင်လာတယ်။

သူ့ရဲ့သဘောရိုးက ငြိမ်းချမ်းရေးတည်ဆောက်မှာထက် ကျနော်တို့ကိုလက်နက်ဖြုတ်သိမ်းဖို့ပဲ စဥ်းစားတယ်။ တခြားဟာခေါင်းထဲမှာမရှိဘူး။ ဒါကိုလုပ်လာတော့ ငြိမ်းချမ်းရေးလမ်းနဲ့လုံးဝသွေဖယ်နေတဲ့အတွက် ၂၀၁၈ မှာ ရပ်ဆိုင်းပြီးတော့ထွက်လိုက်တယ်။ အပြီးပိုင်ထွက်တာတော့ မဟုတ်ဘူး။ လမ်းကြောင်းမှန်ပြန်ရောက်ရေးအတွက် အဲဒီတုန်းက NLD အစိုးရလက်ထက်ပေါ့။ (၈)ကြိမ်မြောက် အလွတ်သဘောနဲ့ ကျနော်တို့ပြန်ဆွေးနွေးတယ်။ စစ်တပ်ဘက်ကလည်းပါတာပေါ့။

အဲဒီမှာပြန်တည့်မတ်လာတဲ့အခါ ၂၀၂၀ မှာ အစည်းအဝေးထိုင်တဲ့အခါ၊ အားလုံးမရသည့်တိုင်အောင် ရသင့်ရ ထိုက်တဲ့သဘောတူညီချက်တချို့ပေါ့၊ ဒါပေမဲ့ အဲဒါခဏလေးပဲကြာတယ်။ ရွေးကောက်ပွဲမှာ စစ်တပ်ကခွက်ခွက်လန်အောင်ရှုံးပြီးတော့ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ရမယ့်အပိုင်းမှာ။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီကို သွားတော့မယ်လေ။ ဖက်ဒရယ်ဒီမိုကရေစီကိုသွားတဲ့အခါမှာ စစ်တပ်က နိုင်ငံရေးမှာဝင်စွက်ဖက်လို့ မရဘူးဆိုတာ သူသိတယ်။ အဲဒါကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ဆုတ်ခွာရမယ်ဆိုတာကို ဘယ်လိုမှလက်မခံနိုင်ဘဲ ရွေးကောက်ပွဲမှာလည်းရှုံးတော့ လအနည်းငယ်အတွင်းမှာပဲ အာဏာထသိမ်းပစ်လိုက်တယ်။

ဆိုတော့ ပြောရမယ်ဆိုရင် အဲဒီကတည်းက ပြဿနာက ဘာမှပြောစရာကိုမရှိတော့ဘူး။ သူက သိသိ သာသာတစ်မျိုး မသိမသာတစ်မျိုး အာဏာသိမ်းပြီးနောက်မှာ ကျနော်တို့ကိုလိုက်ချိတ်တာရှိတယ်။ ဒါပေမဲ့ ကျနော်တို့က လုံးဝအကပ်မခံတော့ဘူး။ ၃ နှစ်ကျော်လာတဲ့အခါ ကပ်လို့မရတဲ့သဘောထားမှာရှိတော့ ခေါ်လည်းမခေါ်တော့ဘူး ကပ်လည်းမကပ်တော့ဘူး သူ့ဟာသူဆက်လုပ်နေတာပဲ။

မေး ။ ။ အခု NCA ဆယ်နှစ်ပြည့်အခမ်းအနားကိုလည်း NCA ထိုးတဲ့သူရော မထိုးတဲ့သူရော ဖိတ်တာရှိတယ်၊ တက်လည်းတက်တယ်။ ဆိုတော့ ကေအဲန်ယူဘက်ကိုရော ဘယ်လိုချဥ်းကပ်လာတာရှိသလဲ ပြောပြပေးပါဦး။

ဖြေ ။ ။ အဲဒါခုနက ကျနော်ပြောသလိုပဲ ၂၀၂၁နောက်ပိုင်း ကျနော်တို့ပြတ်ပြတ်သားသားရပ်တည်လာတဲ့အခါပေါ့။ သူကလည်းလျှော့တွက်တာပါမယ်။ ကျနော်တို့အပေါ်တင်မဟုတ်ဘူး။ လူထုအပေါ်မှာလည်း သူအာဏာသိမ်းရင် ဒီလောက် ဖြစ်မှာမဟုတ်ဘူးလို့ သူလျှော့တွက်တာ။ သူတွက်ကိန်းနဲ့အကုန်လွဲတယ်ဗျ။ ကျနော်တို့ရပ်တည်ချက် ခိုင်မာတယ်။ အလုပ်လုပ်ရင်သေချာလုပ်တယ်။ မလုပ်တော့ဘူးဆိုရင်လည်း ဘာမှလာစေ့စပ်လို့မရတော့ဘူး။ အဲဒီတော့သူက ခိုးကြောင်ခိုးဝှက်နဲ့ညှိတာရှိတယ် ကျနော်တို့ကနားမထောင်ဘူး။ ၃ နှစ်ကျော်လာတဲ့အခါတော့ ဘာမှလာတာမကြားရတော့ဘူး။ ကျနော်တို့ဆွေးနွေးတာဆွေးနွေးတယ် ကောင်းကောင်းမွန်မွန်နားမထောင်ဘဲ အာဏာထသိမ်းတာတော့ လက်ခံလို့မရဘူး။ အခုထက်ထိကတော့ သူ့ဟာသူ ရူးသလို ကြောင်သလိုနဲ့ ဆက်လုပ်နေတာပဲ ကျနော်တို့ကိုဖိတ်တာတော့ မရှိဘူး။

မေး ။ ။ စစ်အုပ်စုကတော့ NCA ကိုဆွဲကိုင်ပြီး တွင်တွင်ကျယ်ကျယ်ပြောနေတာပဲ။ တဖက်မှာလည်း တစ်နိုင်ငံလုံးအနှံ့မှာ ထိုးစစ်ဆင်မှုတွေလုပ်နေတယ်၊ တိုက်ခိုက်မှုတွေလုပ်နေတယ်။ ဆိုတော့ သူ့ရဲ့ NCA လိုလားချက်အပေါ် ပဒိုတို့အနေနဲ့ဘာများ မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလ ဒူးတိုက်ဆွေးနွေးတဲ့အချိန်တုန်းကတောင် ကျနော်တို့အပေါ်မှာ မောက်မာ၊ ချိုးဖောက်တာတွေရှိခဲ့တယ်။ ကျနော်တို့သည်းခံခဲ့ရတာတွေ အများကြီးရှိတယ်။ ဥပမာပေါ့ တပ်မ ဟာ(၅) တပ်မဟာ(၃)ဘက်မှာ ကားလမ်းဖောက်ချလာတယ်။ ဖောက်စရာအများကြီးရှိတာ တစ်ပြည်လုံးမှာ သွား ဖောက်လေ ဘာလို့ကိုယ့်နယ်အတွင်းစည်းထဲမှာ ဖောက်ရတာလဲ။ ကျနော်တို့သေချာပြောလို့လည်းမရဘူး သူလုပ် တာပဲ။ လုပ်တော့တိုက်ပွဲဖြစ်နေတာပဲ။ အဲဒီလိုအချိုးချိုးနေတဲ့အခါကျတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းဆိုတာ ပြောစရာကိုမရှိတော့ဘူး။ နေ့တိုင်းကို ဗုံးကြဲသတ်ဖြတ်နေတာ။ ကျနော်တို့ဆီမှာပထမဆုံးဖြစ်တာပဲ။ ၂၀၂၁ မတ်လမှာ ကျနော်တို့ကိုဗုံးကြဲတော့ ကျနော်တို့လည်းမခံတော့ဘူး။ သူတို့စခန်းကို ကျနော်တို့ တက်သိမ်းပစ်လိုက်တယ်။ အဲဒါနဲ့ပဲ တပ်မဟာ(၅)မှာ လူထုနေရာတွေကိုလိုက်ပြီး ဗုံးကြဲတယ်။ လူထုသေတာလည်း သောက်သောက်လဲ။ အဲဒီကတည်းက အတောမသတ်ဘူး။ လိုက်ပတ်ရမ်းနေတာ

အခုထက်ထိပဲ။ နောက်ဆုံး သီတင်းကျွတ်မီးထွန်းပွဲမှာ ဗုံးကြဲတာတို့ ကျနော်တို့ တပ်မဟာ(၁)သထုံခရိုင်မှာ ဗုံးကြဲတာတို့ ဆိုတာ ကလေးတွေ ၄၊ ၅၊ ၆ နှစ်အရွယ် သေတာမနည်းဘူး။ ဒါတွေက ဆက်ကာဆက်ကာ ဖြစ်နေတာ။ အဲဒါကြောင့် ဘာစိတ်ကောင်းစေတနာပြဖို့ နည်းနည်းလေးမှဆန္ဒမရှိတဲ့သူက ငြိမ်းချမ်းရေးစကား လာပြော၊ ဘယ်မှာသွားပြီးတော့ယုံရမှာလဲ။

မေး ။ ။ အခု အခင်းအကျင်းအပေါ်မှာ အခြေခံပြီးတော့လည်း တဖက်က တိုက်ရင်တိုက် တဖက်ကလည်း တွေ့ဆုံ ဆွေးနွေးရင်ဆွေးနွေး ပြောနေကြတယ်။ ကိုယ်စားလှယ်လွှတ်ပြီး ဆွေးနွေးသင့်ရင်လည်းဆွေးနွေးဆိုပြီး ပြောနေကြတာလည်းရှိတယ်။ ကေအဲန်ယူအနေနဲ့ရော ဒီအပေါ်မှာဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ ။ ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမှာ ကျနော်တို့ဘယ်တော့မှမငြင်းဘူး။ ဒါပေမဲ့ ဒီလိုလုပ်ပုံနဲ့ကတော့ ဘယ်လိုမှလက်ခံလို့မရဘူး၊ အဲ့ဒါကြောင့် ပြောချင်တာကတော့ ဆွေးနွေးစရာရှိတာ ဆွေးနွေးမယ်။ ပုံစံချင်းတော့မတူတော့ဘူး။ ကျနော်တို့မူမဲ့တော့ မဆွေးနွေးဘူး။ (၆)ချက်ပေါ့နော် အများတကာသိထားတဲ့(၆)ချက်။ ဒါပေမဲ့ အဲဒီ(၆)ချက်ကို ချုပ်လိုက်တဲ့အခါ (၃)ချက်ပဲရှိတော့တယ်။ အဲဒါက စစ်တပ်နိုင်ငံရေးကထွက်ရမယ်၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေရေးဆွဲ၊ နောက်ဆုံးတစ်ချက်က ကျူးလွန်ခဲ့သမျှ တာဝန်ခံရမယ်။ ဒါပဲရှိတယ်။ ဒီသုံးချက်ကိုလက်ခံမှကျနော်တို့ နိုင်ငံရေးစကားပြောမယ်။ ပြောမယ်ဆိုရင်လည်း နိုင်ငံရေးစကားမပြောတော့ဘူး။ စစ်တပ်ပြုပြင် ပြောင်းလဲရေးပဲလုပ်တော့မယ်။ Professional စစ်တပ်ဖြစ်ရမယ်၊ လူထုကို အကာအ ကွယ်ပေးတဲ့စစ်တပ်ဖြစ်ရမယ်။ အဲဒါကိုပြုပြင်ပြောင်းလဲမှာ၊ ဒါကိုဆွေးနွေးမယ်ဆိုဆွေးနွေးမယ်။ ကျန်တာကတော့ ပြောစရာမရှိတော့ဘူး။ ကျနော်တို့နိုင်ငံရေးရည်မှန်းချက်က အဲဒါပဲ။

မေး ။ ။ NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ နိုင်ငံတကာသံတမန်တွေရော၊ အပစ်ရပ်ရော၊ အပစ်မရပ်ရော တက်နေတယ်။ ဒီအပေါ်မှာ ကေအဲန်ယူအနေနဲ့ဘာများပြောချင်လဲ။

ဖြေ ။ ။ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာတော့ ပါပြီးသားပဲ။ နောက်ဆုံးအချက်မှာဆို UN အပါအဝင် နိုင်ငံတကာ

အဖွဲ့အစည်းတွေပေါ့။ ခင်ဗျားတို့ သေချာကြည့်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတ်ဖြတ် လိုက်တဲ့လူထုကို တန်းစီ၊ ထောင်ဂဏန်းချီပြီး နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့ဟာကို ဒီလူတွေလုပ်တဲ့ပွဲ ခင်ဗျားတို့ သွားတက်ရင် ခင်ဗျားတို့ပဲ သိက္ခာကျမှာ။ ဒီလောက်တောင် ကိုယ်ကျင့်သိက္ခာမဲ့တဲ့အလုပ်ကို လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာ ခင်ဗျားတို့ပဲ ဆုံးဖြတ်ရမှာ ကျနော် ဒါပဲပြောချင်တယ်။ တခြားတော့

ပြောစရာမရှိတော့ဘူး။ ပြောပေါင်းများပြီ၊ အလုပ်ပဲလုပ်တော့မယ်။ ဒါပေမဲ့ ကိုယ်လုပ်ရမယ့်အလုပ်က နှစ်ပေါင်း ၇၀ ကျော်အမြစ်တွယ်လာတဲ့အလုပ်ကို ချက်ချင်းလက်ငင်းလုပ်လို့မရဘူးဆိုပေမယ့် တကယ့် ရောဂါအစစ်အမှန်၊ အနာဟာ ဘယ်နားရှိလဲဆိုတာ ကျနော်တို့သိတဲ့အပေါ်မှာ အဲဒီအရင်းအမြစ်ကိုပဲဖြိုတော့မယ်။ အဲဒီအပိုင်းမှာ

အထူးသဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့၊ အာဆီယံအဖွဲ့တွေကတော့ ကျင့်ဝတ်သိက္ခာနဲ့ရှိတဲ့အဖွဲ့အစည်းမှန်ရင် လူထုကိုနေ့စဉ် သတ်ဖြတ်နေသူတွေ လုပ်တဲ့ပွဲကို မတက်သင့်ဘူးဆိုတာ ရိုးရိုးလေး ပဲပြောချင်တယ်။ ကျနော်တို့အနေနဲ့လည်း သွားမတက်ဖို့တိုက်တွန်းတယ်။ ကိုယ်ပြောတဲ့အလုပ် ကိုယ်ရပ် တည်နေတဲ့

အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာအရ ဒီလိုပွဲမျိုးသွားတက်ရင် ဘယ်သူကဘယ်လိုဝေဖန်ပိုင်းခြားမလဲဆိုတာ ကျနော်တို့ပြောစရာမရှိဘူး။

မေး ။ ။ တက်မယ့်အထဲမှာလည်း ကေအဲန်ယူ ဥက္ကဌဟောင်းနဲ့အဖွဲ့ဝင်ဟောင်းတို့ တက်ရောက်တယ်လို့သိရတယ်။ ဒီအပေါ်မှာ ဘာများမှတ်ချက်ပေးချင်သလဲ။

ဖြေ ။ ။ ဒီလူပုဂ္ဂိုလ်တွေကတော့ တချိန်တုန်းက ကေအဲန်ယူခေါင်းဆောင်တွေဖြစ်တယ်ဆိုပေမယ့် အခုချိန်မှာတော့ ဘာမှမရှိတော့ဘူး။ အဖွဲ့ဝင်ရိုးရိုး သာမန်လူထုတစ်ယောက်ပဲရှိတော့တယ်။ သူတို့သွားချင်တာ သူတို့စိတ်ဆန္ဒနဲ့သူတို့ ကျနော်တို့လိုက်တားလို့မှမရတာ။ တစ်ခုတော့ရှိတယ် သူတို့ဟာ ကေအဲန်ယူ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတော့ အဖွဲ့ဝင်စည်းမျဥ်းစည်းကမ်းအရတော့လိုက်နာဖို့တာဝန်ရှိတယ်။ မလိုက်နာဘဲ လုပ်ချင်ရာလုပ်ဆိုတော့ ကျနော်တို့ကေအဲန်ယူမှာ ချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းအတိုင်း အဆင့်လိုက်လုပ်ရမယ့် အပိုင်းလိုက်တော့ရှိတာပေါ့။ ဒီလောက်ပဲပြောလို့ရပါတယ်။

မေး ။ ။ NCA လုပ်နေတဲ့ ကာလတစ်လျှောက်မှာ စစ်အုပ်စုနဲ့ညှိနှိုင်းတဲ့အခါမှာ အခက်အခဲရှိတယ်လို့ ကြားသိရတယ်။ ကေအဲန်ယူအနေနဲ့ အဲဒီကာလတွေမှာထဲထဲဝင်ဝင် လိုက်ပါခဲ့တော့ ထောက်ပြစရာ၊ သဘောမတွေ့စရာအချက် ဘာတွေများရှိမလဲ။

ဖြေ ။ ။ ပြောစရာကတော့တစ်ပုံကြီးပဲ။ သူတို့က လုပ်ငန်းစဉ်တစ်ခုလုံးကို သွေဖယ်ပြီး သဘောတူညီချက်တွေကို ချိုးဖောက်တာ။ ကျနော်တို့အကောင်အထည်ဖော်ရမယ့်အပိုင်းကျ ကျနော်တို့လိုက်လျှောက်ပါ။ သူတို့ကတော့ လိုက်ပါလာစရာမလိုဘူးဆိုတဲ့အပိုင်းက အဓိကတွေ့မြင်ရတယ်။ ဆိုတော့ သူတို့လုပ်ချင်ရာလုပ်မယ်။ ကျနော်တို့ ကတော့ သဘောတူထားတဲ့အတိုင်း လိုက်နာရမယ်ဆိုတာက အဓိကအဆိုးဆုံးပဲ။ ခုနက ထောက်ပြသလိုပေါ့။

အဆိုးဆုံးက ကျနော်တို့နယ်မြေထဲမှာ အတွင်းပိုင်းထိ ကားလမ်းဖောက်ချလာတာ။ တကယ့် ဟိုးအတွင်းလမ်းအထိ ဖောက်စရာ တစ်ပြည်လုံးနေရာအများကြီးရှိတယ်။ အဲဒါကို ကျနော်တို့ပြောတော့ အစည်းအဝေးပွဲမှာ ငါတို့ လုပ်ချင်ရာလုပ်မယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ ငါတို့အင်အား မပြည့်မစုံတဲ့အချိန်မှာတောင် နယ်စပ်မှာရှိတဲ့ မင်းတို့ တပ်စခန်းတွေကို တက်သိမ်းလို့ရတယ်၊ အခုဆိုရင် ငါတို့မှာ Facilities အပြည့်အစုံရှိတယ်။ သူပြောချင်တာက ကမ္ဘာမှာ သူတို့က ၃၀ ကျော်အဆင့်ရှိတဲ့တပ်ဖြစ်တော့ လုပ်ချင်တာလုပ်လို့ရတယ်ကွာဆိုတဲ့ အချိုးမျိုးနဲ့ပြောတာ။ တော်တော်လေးခံရခက်တယ်။ အဲဒီလိုမျိုး ကျနော်တို့ကြုံခဲ့ရတာ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့သည်းခံပြီးတော့ ဆွေးနွေးပွဲအပြတ်မခံဘဲနဲ့ ကြိုးစားလာတဲ့အခါမှာ အဆင့် လိုက်အဆင့်လိုက် ယာယီရပ်ဆိုင်းတာကနေ ကျနော်တို့ပြန်ဝင်လာတယ်။ လမ်းကြောင်းပြန်တည့်မတ်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ခွေးမြီးကောက် ကျည်တောက်ဘယ်လိုမှ စွပ်လို့မရဘူး။ ဒါက ကျနော်တို့မှတ်တမ်းတင်ကြုံရတဲ့ဟာပဲ။ ဒါကြောင့် ကျနော်တို့ကနိုင်ငံရေးအရ စကားသွားပြောစရာကိုမရှိဘူး၊ နိုင်ငံရေးနဲ့ပြောဖို့ကို မထိုက်တန်တဲ့သူတွေဖြစ်တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ ။ ။ အမှန်မှန်က ကျနော်တို့ဟာ သူတို့ကိုယုံကြည်မှု မရှိတော့ဘူးဆိုတာ သူတို့လည်းသိတာပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတဲ့လူတွေပါ။ NCA ဆိုတာ အာဏာသိမ်းပြီးကတည်းက ပျက်ပြီ။ NCA ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ်မှာမူတည်ပြီးတော့ သူတို့ဆွဲထားတဲ့ဟာ ဆိုတော့ ဖွဲ့စည်းပုံကပါပျက်တာပေါ့။ အာဏာသိမ်းလိုက်လို့ပဲလေ။ ဒါကရိုးရိုးလေးပဲ၊ တစ်ကမ္ဘာလုံးမှာ လိုက်သွားမေးကြည့်။ သူတို့အာဏာသိမ်းလိုက်လို့သာ ဖွဲ့စည်းပုံပျက်ပြီး ဖွဲ့စည်းပုံအသစ်နဲ့ပြန်ရေးရမှာ။ ဒါကို ဖွဲ့စည်းပုံမပျက်ဘူးဆိုပြီး ကို့ရို့ကားယား ထလုပ်တော့ သူတို့ကိုယ် သူတို့သိတယ်။ သိတဲ့အပေါ်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘဲ လိမ်ညာနေတာ။ လိမ်ညာနေတာကလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...