“အကြမ်းဖက်တဲ့နည်းက ရည်မှန်းချက်ပန်းတိုင်ကို မရောက်စေဘူး။ နိုင်ငံရေးအဖြေရှာတဲ့နည်းလမ်းနဲ့သွားရင် ထိခိုက်မှုတွေနည်းမယ်။ ဆုံးရှုံးမှုတွေနည်းမယ်။ အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေးဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကိုပဲ ရွေးချယ်တယ်။”
စက်တင်ဘာလ ၃၀ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဝဲကင်းအံရွာ၌ ကရင်ပြည်နယ် အထင်ကရ ဘာသာရေးခေါင်းဆောင်များ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲကို ပြုလုပ်ခဲ့သည်။ ထိုဆုတောင်းပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံမှ ခွဲထွက်သွားသော လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများအပါအဝင် ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ယခင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းလည်း တက်ရောက်ခဲ့သည်။
ခရိုင်ဥက္ကဋ္ဌဟောင်းတစ်ဦးအနေဖြင့် ဒုတိယအကြိမ်တက်ရောက်လာခြင်းဖြစ်သည့်အတွက် ပွဲတက်ဖြစ်ပုံ၊
လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် သူ၏အမြင်၊ ကေအဲန်ယူနှင့် တော်လှန်ရေးအင်အားစုတို့ ဆန့်ကျင် နေကြသည့် စစ်အုပ်စုရွေးကောက်ပွဲအပေါ် သဘောထား စသည့် အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီမှ ၎င်းအား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ကရင်ပြည်နယ်မှာ အခုတစ်ကြိမ်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲကို တက်ဖြစ်ရတဲ့အကြောင်း
ပြောပြပေးပါလား။
ဖြေ။ ။ ကျနော်တို့ကို ဖိတ်တော့ တက်တာပဲ။ သွားပြီး အားပေးစကားတွေပြောတယ် အဲဒီလောက်ပါပဲ။ လူတိုင်းက ငြိမ်းချမ်းရေး လိုချင်ကြတာပဲမဟုတ်လား ဖိတ်ခေါ်တဲ့အတွက် တက်ရောက်စကားပြောတယ်။ ပြောတဲ့အထဲမှာ လူတိုင်း ငြိမ်းချမ်းရေးလိုချင်ကြတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လမ်းကြောင်းတွေက မတူကြဘူး။ အဲဒီမတူတဲ့လမ်းကြောင်းမှာ ကျနော်ပြောရင် တစ်မျိုးဖြစ်တယ်။ တစ်ယောက်တစ်မျိုး မြင်မယ်။ အမြင်မတူတဲ့အခါ အယူအဆမတူတဲ့အခါ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ငြိမ်းငြိမ်းချမ်းချမ်းနည်းလမ်းနဲ့ပဲ သွားမယ်။ ငြိမ်းချမ်းရေးရဖို့ တောင်းဆိုမယ်။ ကိုးကွယ်ယုံကြည်မှုအရ ဆုတောင်းပေးမယ်။ အဲဒီလောက်ပါပဲလို့ ပြောချင်ပါတယ်။
မေး။ ။ ပဒိုအနေနဲ့က ငြိမ်းချမ်းရေးဆုတောင်းပွဲတက်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် နှစ်ခေါက်ရှိပြီးဆိုတော့ အဲဒါလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အခုအချိန်မှာ တပ်မဟာ(၇)က နည်းနည်းငြိမ်းချမ်းသေးတယ်။ အထူးသဖြင့် ကျနော်တို့ တပ်မဟာ(၆)မှာက တိုက်ပွဲတွေ ပြင်းထန်လာတယ်။ စစ်ရှောင်တွေလည်း များသထက်များလာတယ်။ ရွာတွေလည်း ပျက်စီးရတာတွေအများကြီး တွေ့နေရတယ်။ ဒေသခံလူထုတွေက နီးစပ်ရာဆွေမျိုး ရွာတွေမှာ စစ်ရှောင်စခန်းတွေမှာ သွားတိမ်းရှောင်နေရတာတွေ တွေ့တော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ သူတို့ကို တွေ့တော့ အားပေးစကားတွေ ပြောပေးတယ်။ သူတို့အားတက်စေမယ့် အားပေးစကားတွေ ပြောပေးတယ်။ အဲလိုတွေပဲ လုပ်ပေးလို့ရတယ်။
အခုဆိုရင် ကျနော်တို့ ဆုတောင်းပွဲက ၂ ကြိမ်ရှိပြီး။ သူတို့ကိုလည်းဖိတ်ခေါ်တယ်။ သူတို့လိုချင်တာက အရင်လို ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်တာ လိုချင်တယ်။ အခုဆိုရင် စစ်ရှောင်တွေက သူတို့ တင်ပြတာရှိတယ်။ အကူအညီတွေ လိုအပ်တယ်။ ကျနော်တို့က သူတို့ကိုအပြည့်အဝ အကူ အညီမပေးနိုင်တော့ အားပေးစကားတွေပဲပြောတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ သူတို့ကို ကူညီခိုင်းတယ်။ ကူညီတာတွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယာန်ဖြစ်ဖြစ် ပါဝင်ပူးပေါင်းဆုတောင်းဖို့ ဖိတ်ခေါ်တယ်။ ပါဝင်ကြတာ ရှိတယ်။ လုပ်တဲ့အကြိမ်များလေ ငြိမ်းချမ်းတဲ့နည်းနဲ့ ပါဝင်လာဖို့ လူတွေ ပိုစိတ်ပါလာလေ ဖြစ်စေတယ်။ ကျနော်က အဲလိုမြင်ပါတယ်။
မေး။ ။ ခရိုင်ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်တယ်ဆိုတော့ လက်ရှိ နိုင်ငံအတွင်း အခြေအနေနဲ့ပတ်သက်ပြီး ပဒိုအနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံအတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့က ငြိမ်းချမ်းစွာ အဖြေရှာဖွေဖို့နည်း လမ်းတစ်ခုပဲ ရှိတယ်လို့ ကျနော်က မြင်ပါတယ်။ ဖြစ်နေတဲ့ပဋိပက္ခကို တချို့က လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ စိတ်အားထက်သန်တယ်။ တချို့က အပစ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး အရင်တုန်းကလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားသလိုမျိုးဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားဖို့ စိတ်အားထက်သန်ကြတယ်။ အခုမြေပြင်မှာ လူထုတွေ မြင်တဲ့အတိုင်းပဲ။ လက်နက်ကိုင်ပြီး တိုက်တဲ့နည်းလမ်းကိုကြည့်လိုက်ပါ။ လူထုတွေပဲ ပြန်ပြီး ထိခိုက်တယ်။
လက်နက်ကိုင်အဖြေရှာတဲ့နည်းလမ်းကို စိတ်အားထက်သန်မှုရှိတာက ၂၀၂၁ ခုနှစ် ပြည်တွင်း ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှာ ကရင်တော်လှန်ရေးနယ်မြေထဲကို တိမ်းရှောင်လာပြီး ရောက်လာတဲ့ အခါမှာတော့ ဒီမှာရှိတဲ့လူတွေကလည်း စိတ်ပြင်းပြပြီး လက်နက်နဲ့ ပြန်တော်လှန် တိုက်ခိုက်ဖို့ စိတ်အား ထက်သန်ပြီး ပြန်တိုက်ခိုက်တယ်။ ဒီလိုလက်နက်တွေနဲ့ ပြန်တော်လှန်တိုက်ခိုက်တဲ့အချိန်မှာ မြင်တဲ့ အတိုင်းပဲ တချို့စခန်းတွေတက်လို့ရတာ ဟုတ်တယ်။ စစ်အုပ်စုဘက်သေတာတွေလည်း ရှိတယ်။ ပြီးတော့ လူထုတွေလည်း ခက်ခက်ခဲခဲဖြစ်လာတယ်။ ဒါပေမယ့် ပန်းတိုင်ရောက်လားဆိုရင် ပန်းတိုင်မရောက်ဘူး။ တော်လှန်ရေးက ၆ လအတွင်း ၁ နှစ်အတွင်း အောင်မယ်လို့ ပြောဆိုကြတာပဲ။ အခုက နှစ်ပဲ ကြာသွားတယ်။
အဲဒါကြောင့် အရင်က ကျနော်တို့လုပ်ဆောင်ခဲ့သလိုပဲ အကြမ်းဖက်တဲ့နည်းက ရည်မှန်းချက်ပန်းတိုင်ကို မရောက်စေဘူး။ နိုင်ငံရေးအဖြေရှာတဲ့နည်းလမ်းနဲ့သွားရင် ထိခိုက်မှုတွေနည်းမယ်။ ဆုံးရှုံးမှုတွေနည်း မယ်။ အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေးဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကိုပဲ ရွေးချယ်တယ်။
အခုဆိုရင် နှစ်ပေါင်းလပေါင်းကြာပြီး နားလည်ကြမယ်လို့ထင်တယ်။ အရင်တုန်းကလည်း နှစ်ပေါင်း ၁၀ နှစ်ချီသွားခဲ့ပြီး နောက်ဆုံးတော့ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းပိုကောင်းတာကိုသိလာတော့ အပစ်ရပ် တယ် တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံအခြေအနေက အကုန်နောက်ပြန်ဆုတ်သွားတယ်လို့ ပြောလို့ရတယ်။
လက်နက်နဲ့ အနိုင်ယူတဲ့နည်းလမ်းက ကျနော် စိတ်အားထက်သန်မှုမရှိတော့လို့ ကျနော်ယူထားတဲ့ တာဝန်ကနေ နားလိုက်တာဖြစ်တယ်။ သို့သော် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာတဲ့လမ်းကို ကျနော်က ပိုစိတ်အားထက်သန်တာဖြစ်တဲ့အတွက် ဒီဘက်လမ်းကိုပဲ ကျနော်က ပြန်လိုက်တာဖြစ်တယ်။ ပူးပေါင်းလုပ်ဆောင်တယ်၊ ပူးပေါင်းဆွေးနွေးတယ် အဲလောက်ပါပဲ။
မေး။ ။ လက်ရှိ စစ်အုပ်စု ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲကို KNU ဘက်ကတော့ ပြတ်ပြတ်သားသားကို ကန့်ကွက်ထားတယ်။ သို့သော် ကျန်တဲ့ လက်နက်ကိုင်တချို့က ရွေးကောက်ပွဲဖြစ်ဖို့ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့အခါကျတော့ ပဒိုအနေနဲ့ အမြင်ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ပြန်ကြည့် လိုက်မယ်ဆိုရင် တစ်မျိုးသားလုံးတာဝန်တစ်ရပ်အနေနဲ့ဆိုပြီး ထုတ်တာဖြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်လူမျိုးအားလုံး ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ဆိုပြီး ထုတ်ပြန်တာဖြစ်တယ်။ ကျနော်တစ်ယောက် အမြင်ကတော့ ဒီရွေးကောက်ပွဲဟာ ရှေ့ဆက် အနာဂတ်ကောင်းဖို့အတွက် လုပ်ဆောင်ပေးတဲ့ ရွေးကောက်ပွဲလို့ပဲ မြင်တယ်။
တကယ်လို့ ဒီရွေးကောက်ပွဲမလုပ်ရင် အာဏာ၊ ဆုံးဖြတ်ချက်တွေအားလုံးက စစ်အာဏာရှင်တစ်ဦးရဲ့ လက်ထဲမှာပဲ ရှိမယ်။ ရွေးကောက်ပွဲရှိရင် အာဏာအားလုံးက တစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာ ရှိမနေဘူး။ အားလုံးကို တာဝန်ခွဲဝေမှုတွေ လွှဲပေးရမယ်။ တစ်ဦးတစ်ယောက်ဆီမှာပဲ အာဏာမရောက်ဖို့ အာဏာ အားလုံးဆီကို ရောက်ဖို့က ရွေးကောက်ပွဲလုပ်မှ ဖြစ်တယ်။
တကယ်လို့ ရွေးကောက်ပွဲ မလုပ်ရင် အာဏာက စစ်အာဏာတစ်ဦးတစ်ယောက်ဆီမှာပဲ ရှိနေတဲ့အခါကျတော့ ဆန့်ကျင်မှုတွေ ဆန္ဒပြမှုတွေ၊ တော်လှန်မှုတွေ ဖြစ်လာမယ်။ အဲဒီလိုဖြစ်လာရင် လူထုတွေကပဲ ထိခိုက်မှုတွေ များလာမယ်။ တကယ်လို့ ရွေးကောက်ပွဲရှိလာရင် လူထုတွေကလည်း သူတို့ရဲ့ခေါင်းဆောင်တွေကို ပြန်ရွေးချယ်ပြီးရင် အာဏာတွေက လူထုရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေဆီမှာ ပြန်ရောက်သွားပြီး တစ်ဦးတစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့။ ကျနော်ကတော့ ဒီရွေးကောက်ပွဲက ပြောင်းလဲမှုကို အဖြေရှာပေးမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မြင်တယ်။
မေး။ ။ လက်ရှိအချိန်မှာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အုပ်စုက ဖမ်းဆီးထောင်ချထားပြီး တစ်ဖက်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား ။
တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်လား မဖြစ်ဘူးလားဆိုတာက ရွေးကောက်ပွဲပြုလုပ်ပြီးမှ ခြုံငုံကြည့်ပြီးရင် ပြောပြလို့ရမယ်။ ပြောချင်တာက ရွေးကောက်ပွဲရှိလာတာဟာ ကောင်းတဲ့အရာတစ်ခုလို့ပဲ ပြောချင်ပါတယ်။ အကောင်းဆုံး ဖြစ်လာမယ်လို့တော့ မျှော်လင့်ထားကြပါတယ်။
မေး။ ။ ဒီရွေးကောက်ပွဲက ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ မပါဝင်တဲ့အတွက် အခုကြုံနေရတဲ့ နိုင်ငံရေး အကြပ်အတည်းပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ရွေးကောက်ပွဲ ဖြစ်ပါ့မလား။
ဖြေ။ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲဖြစ်လာတာဟာ ကောင်းတဲ့အရာတစ်ခုဖြစ်လာမယ်လို့ အဲဒီတစ်ခုပဲ မြင်တယ်။ တစ်နိုင်ငံလုံးအတွက် အကုန်ကောင်းမွန်လာပြီး ချောချောမွေ့မွေ့ဖြစ်လာဖို့က လွယ်တော့ မလွယ်ကူဘူး။ အကုန်လုံး ကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်မှ ရွေးကောက်ပွဲကျင်းပရင်တော့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက ကိုယ့်အခြေအနေကိုလည်း ပြန်ကြည့်ရမယ်။ လက်ရှိ ကျနော်တို့နိုင်ငံက ချွင်းချက်မရှိ အကုန်ကောင်းလာပြီးမှ လုပ်ဖို့က ကိုယ့်နိုင်ငံအခြေအနေကလည်း ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်သေးဘူး။
အဲဒါကြောင့် ကောင်းလာဖို့အတွက်က လုပ်သင့်တဲ့အရာကို အရင်လုပ်ဆောင်ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တုန်းက ဖြစ်စေ၊ အရင်လူတွေဖြစ်စေ သူတို့တွေ အရင်ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ
ရှိကောင်း ရှိမယ်။ သူတို့ လုပ်ငန်းစဉ်အတိုင်း ဆက်သွားရင် သူများရဲ့ ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကို နောက်လိုက် လိုက်လုပ်ပေးမယ့်သဘော သက်ရောက်မယ်။ လက်ရှိအခြေအနေအရ ကိုယ့်ဒေသ ကိုယ့်အခြေအနေပေါ် မူတည်ပြီး ကိုယ့်လုပ်ငန်းစဉ်အတိုင်းပဲ ကိုယ်ကိုယ်တိုင် လုပ်ဆောင်ရမယ်လို့ဘဲ ကျနော်က မြင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်လဲ။
ဖြေ။ ။ ဒီလို ဖြေရှင်းတဲ့နည်းလမ်းက ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၆ ကြိမ်မြောက်ကွန်ဂရက်က ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအဖြေရှာဖြေရှင်းတဲ့ နည်းလမ်းထဲကပဲ ဖြစ်တယ်။ ဖြည့်စွက်ပြောချင်တာက ကရင်တစ်မျိုးသားလုံးအတွက် လုပ်ဆောင်တဲ့သူတွေဖြစ်စေ၊ အရင်က ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံးထဲမှာ လုပ်ဆောင်နေတဲ့သူတွေဖြစ်စေ အခုလက်ရှိလုပ်ဆောင်နေဆဲလူတွေဖြစ်စေ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းက အကောင်းဆုံး နည်းလမ်းတစ်ခုပဲဆိုတာ ပြောချင်ပါတယ်။
နောက်တစ်ခုက ပြည်သူလူထုလိုအပ်တဲ့ ငြိမ်းချမ်းရေးက ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့သွားရင် လူထုရဲ့ အသက်မွေးဝမ်းကျောင်း အိုးအိမ်စည်းစိမ်တွေပျက်စီးမှုနည်းမယ်။ လူငယ်လူရွယ် ရဲဘော်တွေရဲ့ အသက်တွေ သူတို့မိသားစုဝင်တွေရဲ့အသက်တွေ ဆုံးရှုံးမှုနည်းမယ်။ ဆုံးရှုံးမှုမရှိနိုင်ဘူးလို့ တောင်ပြောလို့ရတယ်။
အဲဒါကြောင့် အကုန်လုံးက ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကိုသွားရင် အကောင်းဆုံးနည်းလမ်းပဲလို့ ပြောလို့ရသလို လူထုတွေကလည်း အဲဒီနည်းကိုပဲ အားပေးထောက်ခံမှာ လိုအပ်တာဖြစ်တယ်။ တိုက်ပွဲဖြစ်ရင် အများအားဖြင့် လူသေဆုံးထိခိုက်မှု၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများတဲ့အတွက် လူထုတွေ ကလည်း အဲဒါကိုမလိုလားဘူး။ နောက်ဆုံးပြောချင်တာက ထိခိုက်မှုနည်းတဲ့ဟာရွေးပြီး လူထု လိုအပ်ချက်တွေကို ကြည့်ပေးပြီးလုပ်ဆောင်ဖို့ပြောချင်ပါတယ်။







