လန်ဆယ်နဲ့ ခေါင်လန်ဖူးကြား တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါ တိုက်ခိုက်နေ

လန်ဆယ်နဲ့ ခေါင်လန်ဖူးကြား တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါ တိုက်ခိုက်နေ
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။

ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ ဦးခွမ်စိုင်းခမ်က ပြောပါတယ်။

“ကျွန်တော်တို့ ထိုင်တဲ့ဘက်ကို သူတို့က ဝင်လာတော့ ထိတွေ့မှုဖြစ်တာ သူတို့က ပြန်ဆုတ်တယ်ဆိုပေမယ့် လုံးဝဆုတ်သွားတာမဟုတ်ဘူး။ လန်ဆယ်– ခေါင်လမ်ဖူးလမ်းကြားမှာပဲ ရှိနေသေးတယ်။ ဘယ်အချိန်မဆို တိုက်ပွဲက ထဖြစ်နိုင်တယ်။ အဲ့မှာ အင်အားတိုးချဲ့နေတယ်”လို့ သူက ပြောပါတယ်။

နှစ်ဖက်ထိ‌တွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ဘက်က အထိနာနေပြီး ရှေ့ကို တိုးလို့မရတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်နေကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီမနက်ပိုင်းအထိ မြေပြင်မှာနှစ်ဖက် ထိတွေ့တိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာအပြင် လေကြောင်းဗုံးကြဲခံရပြီး တိုက်ပွဲပြင်းထန်တာ ၄ ရက်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ KIA နဲ့ ပူးပေါင်းတပ်တွေ ထိုင်ထားတဲ့ လာဟီဆင်စခန်းကုန်းနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ ခေါင်လန်းဖူး ပြည်သူ့စစ် တပ်စခန်းကုန်းတစ်ခု ထိုင်ထားပြီး အဲ့ဒီစခန်းကနေတဆင့် စစ်ရေး ကြိုတင်ပြင်ဆင်ပြီးမှ အခုလိုစစ်ကြောင်းထိုးလာတာလို့ အထက်ဖော်ပြပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အရင်ကျနော်တို့ လာဟီဆင်စခန်းသိမ်းတုန်းက ဆုတ်သွားတဲ့ပြည်သူ့စစ်တွေက ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းတစ်ခုမှာ ပြန်တပ်ထိုင်တယ်။ စစ်အင်အားတိုးချဲ့ပြီး အဲ့ကနေ စထိုးတာ ထောက်ပို့တွေကောအပါဆိုရင် အားလုံး အင်အား ၃၀၀ ကျော် ၄၀၀ လောက်နဲ့လာတာ အခု လမ်းခုတ်မှာပဲ ရှိတယ်သူတို့” လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကနေ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ဘက်က အထိအခိုက်များတာကြောင့် ရှေ့ဆက်မတိုးနိုင်သေးပဲ လာဟီဆင်စခန်းနဲ့ လက်ရှိ ခေါင်လန်းဖူးပြည်သူ့စစ်တွေ ထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကြားမှာ ယာယီတပ်ချနေကြောင်း သိရပါတယ်။

ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ လာဟီဆင်စခန်းကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ရေးပြင်ဆင်နေပြီး မေလနဲ့ စက်တင်ဘာလ ကြားထဲမှာလည်း နှစ်ကြိမ်ထက်မနည်း ထိုးစစ်ဆင်လာတာရှိပေမယ့် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားကြတာလို့ သိရပါတယ်။

လက်ရှိ ထိုးစစ်မှာ ပြည်သူ့စစ်ဘက်က အသုံးပြုနေတဲ့ စစ်သည်အင်အား ၃၀၀ ဝန်းကျင်ထဲမှာတော့ ယခုနှစ် နှစ်ဆန်းပိုင်းက နောင်မွန်း၊ ခေါင်လန်ဖူးမြို့ပေါ်တွေကနေ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်ထဲ မဝင်မနေရစနစ်နဲ့ တပ်သားစုဆောင်းထားတဲ့ လူငယ်တွေ အများပိုင်းပါဝင်နေကြောင်း သိရပါတယ်။

လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်မှာရှိပြီး ဆော့လော်မြို့နယ်ထဲက ရွှေမှော်ဒေသဖြစ်တဲ့ လန်ဆယ်သွားတဲ့လမ်းပိုင်းမှာ ရှိတာဖြစ်ပါတယ်။

လန်ဆယ်မြို့ကို ၂၀၂၅ မတိုင်မှီအထိ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တွေ ထိန်းချုပ်ထားရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ အောက်တိုဘာလမှာ သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ထိုးစစ်ဆင်နေတဲ့ လာဟီဆင်စခန်းကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးဒေသကနေ လန်ဆယ်၊ ချီဖွေ၊ ပန်ဝါဘက်တွေအထိ ကုန်းကြောင်းကနေ ထိုးဖောက် ဝင်ရောက်နိုင်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် စစ်ကောင်စီနဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်တွေအတွက် အရေးပါသလို တစ်ဖက်မှာလည်းလန်ဆယ်၊ ချီဖွေနဲ့ ပန်ဝါကို ထိန်းချုပ်ထားတဲ့ KIA နဲ့ ပူးပေါင်းတပ်တွေအတွက် စစ်ရေးအရ အရေးပါနေတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...