မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦးပစ်ခတ် ဖမ်းဆီးခံရ

မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦးပစ်ခတ် ဖမ်းဆီးခံရ
Photo credit - KNG
Photo credit - KNG

ကချင်ပြည်နယ် မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေ KNG ကို ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ မြစ်ကြီးနားမြို့၊ စံပြလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ KIO အရာရှိ ၂ ဦးကို စစ်တပ်က အိမ်စီးကားနဲ့ ရောက်လာပြီး သေနတ်ပစ်ခတ်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်တပ်တွေ အိမ်စီးကား AD Van နဲ့ရောက်လာပြီး သေနတ်နဲ့အရင်ပစ်သတ်ပြီး သယ်သွားတယ်။ လမ်းပေါ်မှာတင် ပစ်ခံရတာ။ လူက မလှုပ်တော့ဘူး၊ အသက်မရှိလောက်တော့ဘူးလို့ ပြောတယ်။ တစ်ယောက်က လဝါးက၊ နောက်တစ်ယောက်က ကားမိုင်းကဟုတ်တယ်။ သတင်းရသွားလို့ဟုတ်တယ်။ ဖုန်းတွေလည်း အကုန်ယူသွားပြီဖြစ်တဲ့အတွက် သတိတော့ထားရတော့မယ်”လို့ KIA နဲ့ နီစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့ KIO အရာရှိ ၂ ဦးဟာ ဆလန်ကဘာလထော်ဇော်ဆိုင်းအောင် နှင့် ဆလန်ကဘာ ငလန်လောဒ်ရိန်တို့ နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတို့နှစ်ဦးဟာ တစ်ဦးကတော့ လဝါးကျေးရွာက ဆလန်ကဘာဖြစ်ပြီး နောက်တစ်ဦးကတော့ ကားမိုင်းကဖြစ်ကာ မြစ်ကြီးနားမှာ ခေတ္တရောက်ရှိနေချိန် ပစ်ခတ် ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က သတင်းအချက်အလက်အတိအကျရထားပြီး အမိအရလာရောက်ပစ်ခတ် ဖမ်းဆီးခြင်းနိုင်ပြီး နောက်ဆက်တွဲအ‌နေနဲ့ KIO အရာရှိ ၂ ဦးဆီကနေ တစ်ဆင့် အချက်အလက်တွေ ဆက်လက်စုံစမ်းကာ ကွင်းဆက် လိုက်လံရှာဖွေ ဖမ်းဆီးလာနိုင်တာကြောင့် မြစ်ကြီးနားမြို့တွင်း ပိုမိုသတိထားရမဲ့အနေအထားဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“KIO/KIA အရာရှိတွေနဲ့ လူငယ်တွေ သွားလာရေး အလွန်သတိထားရမယ်။ စစ်တပ်က မြစ်ကြီးနားမြို့တွင်း ပိုမိုသတင်းအချက်အလက်ယူ စုံစမ်းစီစစ်လာနိုင်တယ်။ စစ်တပ်က ပြည်သူထောက်ခံမှုမပါရင်တောင် ရွေးကောက်ပွဲကို ရအောင်လုပ်ဖို့ လုပ်နေပြီဖြစ်တာကြောင့် သူတို့လက်လွတ်ထားတဲ့ မြို့တွေဆီ ရနိုင်သလောက် ထိုးစစ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် အားလုံးလည်း မပေါ့ဆသင့်ဘူးလို့မြင်တယ်”လို့ KIA နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တတိယအပတ်တုန်းကလည်း မြစ်ကြီးနားမြို့တွင်း စစ်ကော်မရှင်တပ်ဖွဲ့ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကို လိုက်လံတွန်းအားပေး ပြောဆိုခဲ့တဲ့  KIO အရာရှိတစ်ဦးလည်း ပျောက်ဆုံးနေတာ လက်ရှိချိန် သတင်းအစအန မရရှိသေးဘူးလို့ ဆက်လက်သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ည ၇ နာရီခန့်မှာလည်း ဖားကန့်မြို့မှာ အိမ်စီးကားနဲ့ ဆင်းလာတဲ့ KIA

အရာရှိတစ်ဦးကို PDF အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်လိုက်ပြီး အဲဒီ PDF အဖွဲ့က ဖားကန့်ဗျူဟာကုန်းဘက်ကို စစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ သူကဆက်ပြောပါတယ်။

 ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV မှာ KIO အရာရှိ ၁၃ ဦးကို စစ်တပ်ဖမ်းဆီးသွားပြီးနောက် နောက်ဆက်တွဲ စုံစမ်းဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့အတွင်း တည်းခိုခန်း၊ ဟိုတယ်စတဲ့နေရာတွေနဲ့ စစ်တပ်သတင်းအချက်အလက်ရရှိတဲ့ နေရာတွေမှာ KIO၊ KIA အရာရှိတွေ မကြာခဏ ဖမ်းဆီးခံရလျက်ရှိနေတာဖြစ်ပါတယ်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...