ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကျားဖြူစစ်ကြောင်းနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံများအတွက် မိုးညှင်းမြို့ပေါ်မှာ စစ်ရှောင်စခန်းတည်ဆောက်ထားသင့်တယ်လို့ စစ်ရှောင်ကူညီနေသူများက ဆိုကြပါတယ်။
“မိုးညှင်းမှာ စစ်ရှောင်စခန်း ဆောက်ပေးနိုင်ရင်တော့ သင့်တော်တယ်လို့ ထင်တယ်။ တတ်နိုင်တဲ့သူတွေက အမျိုးအိမ်တွေမှာ နေနိုင်ပေမယ့် လုံးဝ မတတ်နိုင်တဲ့သူတွေဆို မြို့ပေါ်မှာ နေလို့အဆင်မပြေဘူးလေနော့။ ဖွင့်ထားမှပဲ အဆင်ပြေမယ်။ တစ်ရက် နှစ်ရက်တည်းမဟုတ်ဘူးလေ။ လချီပြီးသွားမယ်ဆိုတော့ စစ်ရှောင်စခန်း ဆောက်ပေးနိုင်ရင် ပိုကောင်းတာပေါ့နော့” ဟု အင်းတော်ကြီးဒေသ၊ မမုန်ကိုင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကျားဖြူစစ်ကြောင်းထိန်းချုပ်ထားတဲ့ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာအနီးတို့မှာ တိုက်ပွဲတွေရှိနေဆဲဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ မိုးညှင်းမြို့ပေါ် ကို ဒေသခံအချို့ စစ်ဘေးရှောင်တာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
“မိုင်းနောင်ရွာဘက်ကနေ မိုးညှင်းကို ရှောင်လာကြတဲ့သူတွေ ရှိတော့ ရှိတယ်။ ထွက်ခဲ့တဲ့သူတွေရှိတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ KPDF ဘက်က ပြီးခဲ့တဲ့ သူတို့ပြန်မတိုက်ခင်က ငါးရက်အတွင်း ထွက်ထားဆိုပြီး မိုင်းနောင်မမုန်ကိုင်ရွာသားတွေကို သတိပေးတယ်။ ဒါကြောင့် ကြောက်လို့ အဲ့ရက်တွေတုန်းက ထွက်ခဲ့ကြတာတွေတော့ ရှိတယ်” ဟု မိုးညှင်းမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ခဲ့သူ ရှမ်းနီတိုင်းရင်းသား အမျိုးသားတစ်ဦးက အခုလိုဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ပိတ်ပင်ခံထားခဲ့တဲ့ နန့်မွန်း-ဟိုပင်-မိုးညှင်းလမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်ကာ သွားလာခွင့်ပြုထားပြီ ဖြစ်တယ်လိုလည်း သိရပါတယ်။
မမုန်ကိုင်နှင့် မိုင်းနောင်ကျေးရွာတွေကို SNA ကျားဖြူစစ်ကြောင်းက ဇူလိုင်လ ၁၆ ရက်နေ့မှာ ထိန်းချုပ် စိုးမိုးခဲ့တာဖြစ်ပြီး တစ်လအကြာမှာပဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုအရ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့အထိတော့ တိုက်ပွဲတွေဟာ ငြိမ်သက်သွားပြီး လက်နက်ကြီး ပစ်ခတ်သံတချို့ကိုတော့ ကြားနေရဆဲရှိတယ်လို့ ဆိုပါတယ်။
သို့သော် KIA+PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားတဲ့ အင်းတော်ကြီး အရှေ့ဘက်ကမ်း အင်းမြှီးသို့ သွားလာခွင့် လမ်းပိုင်းတွေကို လုံးတုံမြို့စစ်တပ်ဂိတ်က မကြာခဏဆိုသလို ပိတ်ပင်လေ့ရှိပြီး ပစ္စည်းများ သယ်ဆောင်ခြင်းကိုလည်း ကန့်သန်မှုတွေ ရှိနေကြောင်း သိရပါတယ်။
“မိုးညှင်းကနေလာရင် နန့်မွန်း၊ မမုန်ကိုင် မိုင်းနောင်အထိသွားလို့ရတယ်။ ကားရော လူရော အကုန်သွားလို့ရတယ်။ သယ်လို့ရတယ်။ ပစ္စည်းတွေလည်း တကယ်လို့ လုံးတုံဟိုဘက် ကျော်မယ်ဆို မရတာ ကျော်မယ်ဆို ဆိုင်ကယ်တောင် အထုပ်လေး တင်သယ်သွားလို့ တောင်မရဘူး” ဟု အင်းမြှီးဒေသရဲ့ လမ်းပိုင်းကန့်သတ်မှု အခြေအနေကို ဒေသခံက ပြောပြပါတယ်။
ဒီလိုလက်နက်ကိုင်တပ်ဖွဲ့များအသီးသီးရဲ့ မတူညီတဲ့ တင်းကြပ်ကန့်သတ်မှုတွေကြောင့် အင်းတော်ကြီးဒေသခံများအနေဖြင့် လမ်းပိုင်းဆက်သွယ်ရေးနဲ့ ကုန်ပစ္စည်းပြတ်လတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။







